နောင်ချို ဇွန် ၂၀
သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဇွန် ၁၉ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်းများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့် အညီ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်ထောင်စု လမ်းမကြီး၊ ကံကြီးလမ်းများတွင် သွားလာနေကြသော ခရီးသွားပြည်သူများနှင့် နောင်ချိုမြို့မဈေးရှိ ပြည်သူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်များ၊ သန်းခေါင်စာရင်း ထည့်ကောက်ရမည့်သူများ/ထည့်မကောက်ရမည့်သူများ၊ ၂၀၂၃ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေ၊ စာရင်းကောက်ယူမည့်မေးခွန်းများ၊ စာရင်းကောက်များသည် မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်၊ တစ်အိမ်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များ အသုံးပြု၍ ကောက်ယူခြင်းနှင့် သန်ခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ကောက်ယူမည့်အစီအစဉ်များ၊ ဆောင်ပုဒ်များကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)


