မယ်စဲ့-နမ့်မန်း-ဘီပီ(၁၃)လမ်းပေါ်သို့ တောင်ကျရေစီးဆင်းမှုကြောင့် မြေပြို၊ ကတ္တရာလမ်းကွဲအက်ပြီး ဘေလီတံတားယိုင်နဲ့ခြင်းများ ဖြစ်ပေါ်

မယ်စဲ့  ၂၃   သြဂုတ် 


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မိုးရွာသွန်း၍ တောင်ကျရေစီးဆင်းမှုကြောင့် ယမန်နေ့ နံနက် ၇ နာရီခန့်က မယ်စဲ့-နမ့်မန်း-ဘီပီ(၁၃)လမ်းပေါ်တွင် မြေပြိုခြင်း၊ ကတ္တရာလမ်း ကွဲအက်ခြင်းနှင့် ဘေလီတံတား ယိုင်နဲ့ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် နမ့်မန်းကျေးရွာနှင့် ဘီပီ(၁၃)နယ်စပ်ဂိတ်ကြားရှိ တောင်ကမ်းပါးယံ မြေသားများပြိုကျကာ မယ်စဲ့-နမ့်မန်း-ဘီပီ(၁၃)လမ်းပေါ်သို့ အရှည်ပေ ၂၀ဝ ခန့်၊ အမြင့် ၃ ပေခန့်ရှိ မြေသား၊ ကျောက်တုံးနှင့် သစ်တုံးများ ပိတ်ဆို့ခြင်း၊ ကားလမ်းနံဘေးအား ရေတိုက်စားမှုကြောင့် အရှည်ပေ ၅၀ ခန့်၊ အနက် ၆ လက်မခန့် ကတ္တရာများ ကွဲအက်ခြင်းနှင့် မယ်စဲ့-နမ့်မန်း-ဘီပီ(၁၃)လမ်း မိုင်တိုင်အမှတ် (၄၀/ဝ)မှ (၄၁/ဝ)ကြားရှိ တံတားအမှတ်၂(က/၄) တံတား၏ ယာယီလွှဲဘေလီတံတားသည် တောင်ကျချောင်းရေ စီးဆင်းမှုအရှိန်ကြောင့် ဘေးတိုက်ရွေ့လျားယိုင်နဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ယာဉ်ကြီးများ ဖြတ်သန်း၍မရဘဲ ယာဉ်ငယ်များသာ သွားလာနိုင်ကြောင်း၊ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ယာဉ်သွားလာမှုအား ယာယီပိတ်ထားကြောင်း သိရသည်။


အဆိုပါမြေပြိုကျရာ နေရာများတွင် မြို့နယ်လမ်းဦးစီးဌာနမှ စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းကာ အသစ်ဆောက်လုပ်နေသည့် သံကူကွန်ကရစ်တံတားကို ယာဉ်များ အမြန်ဆုံး ဖြတ်သန်းသွားလာနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဝတ်ရည်(မယ်စဲ့ ပြန်/ဆက်)