နေပြည်တော် ၁၀ စက်တင်ဘာ


    
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဟောင်ကောင်အခြေစိုက် Euromoney Institutional Investor (Asia) တို့ ပူးပေါင်း၍ Myanmar Global Investment Forum ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (Myanmar International Convention Center –MICC 2) ၌ ကျင်းပသည်။


    
အခမ်းအနားသို့  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊  ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာအသီးသီးမှ အရာရှိကြီးများ၊ Euromoney Institutional Investor (Asia) မှ Chief Executive Officer, Mr. Tony Shale ခေါင်းဆောင်သော ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။


    
ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် Euromoney Institutional Investor (Asia) မှ Chief Executive Officer, Mr. Tony Shale မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ 


    
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲများကို ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၊ အစိုးရဌာနဆိုင်ရာများမှ အရာရှိကြီးများ၊ ဘဏ်လုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်များ တက်ရောက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် မြန်မာနိုင်ငံ၏ အလားအလာများ၊ ဘဏ်လုပ်ငန်း၊ ငွေကြေးကဏ္ဍနှင့် အာမခံလုပ်ငန်း ဈေးကွက်များ ဖြေလျော့ပေးမှုအခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

   
    
မွန်းလွဲပိုင်းတွင် on-stage interview နှင့် စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်များကို ဆက်လက်ဆွေးနွေးရာ လက်လီရောင်းဝယ်ရေးကဏ္ဍနှင့် စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ အိမ်ယာဖွံ့ဖြိုးရေးလုပ်ငန်းများကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ICT-Digital Transformation ၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်၊ Debt and Equity Market နှင့် အသေးစားနှင့် အလတ်စားလုပ်ငန်း ကဏ္ဍများနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ 


    
အဆိုပါ ဖိုရမ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြခန်းများ လာရောက်ပြသခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ၊ ဒေသထွက်ကုန်များ ပါဝင်သဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ဒုတိယနေ့ အစီအစဉ်များကို စက်တင်ဘာ ၁၁ ရက်နေ့တွင် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်
 

ိ္တနါ