မြဝတီ   နိုင်ဝင်ဘာ ၂၀

 

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် မဲ့ပလဲ့-ဝှေ့ရှမ်း-သိမ်ကုန်းကျောင်း ကုန်ထုတ်မြေသားလမ်းပြုပြင်ခြင်းနှင့် တံတားပြွန် ၃ စင်းတည်ဆောက်ပြီးစီးမှုအား နိုဝင်ဘာ ၁၉ ရက်က ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငွေစိုးနှင့် တာဝန်သူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် ခရိုင်ဦးစီးမှူး ဦးနေဝင်းမှ ကျေးလက်ကုန်ထုတ် လမ်းကော်မတီဝင်များ နှင့်တွေ့ဆုံကာ လမ်းရေရှည်အသုံးပြုနိုင်ရေးနှင့် လည်ပတ်ပြုပြင်ထိန်းသိမ်းရမည့် အစီအစဉ်များအား ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

 

မဲ့ပလဲ့-ဝှေ့ရှမ်း-သိမ်ကုန်းကျောင်း ကုန်ထုတ်မြေသားလမ်းပြုပြင်ခြင်းလုပ်ငန်းသည် အရှည် ၁ မိုင် အကျယ် ၁၈ ပေ ထု ၂ ပေ ၉ လက်မဖြစ်ပြီး ပြွန်တံတား ၃ စင်းတည်ဆောက်ခြင်းလုပ်ငန်းသည် အရှည် ၅ ပေ အကျယ် ၁၈ ပေ အမြင့် ၅ ပေဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၆၅.၄၇၁ သန်းဖြင့် ရတနာဌေးကြွယ်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခြင်းဖြစ်သည်။

 

မဲ့ပလဲ့ကျေးရွာ၊ ဝှေ့ရှမ်းကျေးရွာနှင့် သိမ်ကုန်းကျောင်းကျေးရွာတို့မှ တောင်ယာလုပ်ငန်းရှင်များ၊ လယ်လုပ်ငန်းရှင် များနှင့် အခြားစီးပွားရေးလုပ်ငန်းရှင်များသည် ယခုအခါ အဆိုပါကျေးလက်ကုန်လမ်း၊ တံတားများအား အသုံးပြု၍ ၎င်းတို့၏ ကုန်ကြမ်းထွက်ကုန်နှင့် ကုန်ချောထုတ်ကုန်များအား စျေးကွက်အတွင်းသို့ အချိန်တိုအတွင်း လွယ်ကူချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ပြီဖြစ်ကြောင်း မြဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

တေဇာလင်း