မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ကျိုက်တမော့ဆံတော်ရှင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို သုံးရက်ကြာ ကျင်းပသွားမည်

မုဒုံ  အောက်တိုဘာ  ၁၉

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၌ နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် (၆) ရက်နေ့ မှ (၈) ရက်နေ့အထိ ကျင်းပလေ့ရှိသည့်  ကျိုက်တမော့ ဆံတော်ရှင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့်  နံနက် (၄)နာရီမှ ည (၈)နာ ရီအထိ သုံးရက်တိုင်တိုင်  အကျဉ်းချုံးကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

“ယခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၆ ရက်နေ့တွင် ဆွမ်းကြီးလောင်းလှူပွဲ၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက် နေ့တွင် ဒေသစာရီဘုရားလှည့်လည်ပူဇော်ခံပွဲနှင့် ဆံတော်ရှင် ကျိုက်တမော့ဘုရားပွဲကို  သီတင်းကျွတ်လပြည့်ကျော် ၈ ရက်နေ့အထိ  ကျင်းပသွားမည်ဖြစ်ကာ ကျိုက်တမော့ဆံတော်ရှင်စေတီတော်ထံသို့ တောင်တက်လိုသော မိဘပြည်သူများ အနေဖြင့် ခြေလျင်နှင့် တောင်တက်ကားဖြင့်သာ တက်ရောက်နိုင်ပြီး မော်တော်ဆိုင်ကယ်ဖြင့် တက်ရောက်ခွင့်မပြုကြောင်း၊ စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲ  ပွဲလမ်းသဘင် ထည့်သွင်းကျင်းပခြင်း မရှိကြောင်း” ကျိုက်တမော့ ကျိုက်ဇယ် ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆံတော်ရှင်ကျိုက်တမော့ ဘုရားပွဲနှင့်အတူ ကမာဝက်မြို့ရှိ ဆံတော်ရှင်ကျိုက်ဇယ်နှင့် ဓာတ်တော်ပေါင်းစုံကိုလည်း ဖူးမြော်လေ့လာနိုင်ပြီး ဘုရားဖူးပြည်သူများလာရောက်ပါက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပါးစပ်နှာခေါင်းစည်း စနစ်တကျ  တပ်ဆင်သွားလာရန်၊ မကြာခဏလက်ကို ဆပ်ပြာနှင့် ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာ ဖူးမြော်ကြည်ညိုကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)