မန္တလေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ စေတနာ့ဝန်ထမ်း ၄ဝဝဝ ကျော်ရှိပြီး ထပ်မံစာရင်းပေးသွင်းထားသူ ၂၀၀၀ နီးပါးရှိ

မန္တလေး   ၁၉   မေ

မန္တလေးတိုင်းဒေသကြီးတွင် ကိုဗစ်- ၁၉ နှင့် ပတ်သက်၍ စေတနာ့ဝန်ထမ်းဆောင်ရွက်နေသူ ၄၀၀၀ ကျော်ရှိပြီး ထပ်မံစာရင်းပေးသွင်းထားသူ ၁၈၀၀ ကျော်ရှိကြောင်း ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်း လူမှုကူညီရေး အသင်းအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့များ၊ စေတနာ့ဝန်ထမ်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ စေတနာ့ဝန်ထမ်းဆောင်ရွက်နေသူ ၄၀၄၃ ဦးရှိပြီး ထပ်မံစာရင်းပေးသွင်းထားသူ ၁၈၀၀ ကျော် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လက်ရှိ စေတနာ့ဝန်ထမ်းဆောင်ရွက်နေသူ ၄၀၀၀ ကျော်တွင် အမျိုးသားအများစုဖြစ်နေပြီး အမျိုးသမီး စေတနာ့ဝန်ထမ်းများ လိုအပ်လျက်ရှိကြောင်း၊ ကန့်သတ်စောင့်ကြည့်နေရာများတွင် ကျား/မ ခွဲခြား ကာ ဆောင်ရွက်သည့်အတွက် အမျိုးသမီးစေတနာ့ဝန်ထမ်းများ နည်းနေကြောင်း ၎င်းကပြောသည်။

မြို့နယ်အလိုက် စေတနာ့ဝန်ထမ်းအဖွဲ့များ ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း ကိုဗစ်- ၁၉ နှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးမည့် စေတနာ့ဝန်ထမ်းများကို သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဌာနများမှ သင်တန်းပေးထားပြီးဖြစ်ကြောင်း၊ ကူညီဆောင်ရွက်ပေးသည့်အခါတွင် အမျိုးသား/အမျိုးသမီးလည်း ရှိသည့်အတွက် အမျိုးသားအချင်းချင်း၊ အမျိုးသမီးအချင်းချင်း ကူညီဆောင်ရွက်ပေးသည်မှာ ပိုပြီးအဆင်ပြေကြောင်း ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် သင်တန်းပေးလျက်ရှိကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)