မန္တလေးတိုင်းဒေသကြီးအတွင်း ယခုမီနီဘတ်ဂျက်ကာလတွင် ဆောင်းကုလားပဲစိုက်ဧက ၂၁၀၀၀၀ ကျော် စိုက်ပျိုးသွားမည်

မန္တလေး ဒီဇင်ဘာ ၇

 

မန္တလေးတိုင်းဒေသကြီးအတွင်း ယခုမီနီဘတ်ဂျက်ကာလတွင် ခရိုင်အလိုက် ဆောင်းကုလားပဲစိုက်ဧက ၂၁၀၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ပဲသီးနှံဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်ဆုက ပြောသည်။

 

အဆိုပါ ဆောင်းကုလားပဲများကို ခြောက်လမီနီဘတ်ဂျက်ကာလတွင် ခရိုင် ၇ ခရိုင်၌ စိုက်ပျိုးသွားမည်ဖြစ်ပြီး ခရိုင်အလိုက် စိုက်ပျိုးရာတွင် မန္တလေးခရိုင်၌ ၄၉၄၅ ဧက၊ ပြင်ဦးလွင်ခရိုင်၌ ၁၃၂ ၁၈ ဧက၊ ကျောက်ဆည်ခရိုင်၌ ၈၆၉၆၈ ဧက၊ မိတ္ထီလာခရိုင်၌ ၄၅၉၇ ၄ ဧက၊ မြင်းခြံခရိုင်၌ ၂၉၈၃၈ ဧက၊ ညောင်ဦးခရိုင်၌ ၅၇၇၄ ဧက၊ ရ မည်းသင်းခရိုင်၌ ၂၅၆၂၇ ဧက စုစုပေါင်းစိုက်ဧက ၂၁၀၀၀၀ ကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယနေ့ချိန်ထိ စိုက်ပျိုးပြီးဧက ၇၄၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

"ကုလားပဲကို ပြည်တွင်းမှသာမက ပြည်ပကို တင်ပို့နိုင်အောင် ပြည်တွင်းစားသုံးမှုလည်း လုံလုံလောက်လောက် ဖြစ်နိုင်အောင် စိုက်ပျိုးနေပါတယ်။ တိုင်းဒေသကြီးအနေနဲ့ ကုလားပဲတင်း ၂၉ သိန်းကျော် ထွက်ရှိပါတယ်။ ကုလားပဲက ပြည်တွင်းစားသုံးမှုအပြင် ပြည်ပကိုလည်း တင်ပို့နိုင်ပါတယ်။ ကုလားပဲအပြင် ကျန်တဲ့ပဲမျိုးကွဲတွေကိုလည်း တိုးချဲ့စိုက်ပျိုးနေပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ ဆောင်းရာသီကာလမှာ စိုက်ပျိုးတဲ့ပဲမျိုးက ၅၁၀၀၀၀ ကျော်ဧကနဲ့ မိုးမှာဆိုရင် ၇၂၀၀၀၀ ကျော်ဧကတို့ကို စိုက်ပျိုးပါတယ်။ ကုလားပဲအပြင် မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ထောပတ်ပဲစသဖြင့် ပဲမျိုးကွဲ ၁၈ မျိုး စိုက်ပျိုးပါတယ်။ ကုလားပဲကို ခရိုင်အလိုက်စိုက်ပျိုးရာမှာ ကျောက်ဆည်ခရိုင်က အများဆုံးစိုက်ပျိုးပါတယ်" ဟု ၎င်းကရှင်းပြသည်။

 

အဆိုပါ ကုလားပဲကို နှစ်စဉ်ဆောင်းရာသီတွင် အမြဲစိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးရာ၌ နိုဝင်ဘာ ၁၅ ရက်မှ စတင်စိုက်ပျိုးကာ ဒီဇင်ဘာ ၁၅ ရက်အတွင်း စိုက်ပျိုးပြီးစီး၍ ဖေဖော်ဝါရီလမှ မတ်လအတွင်း ရိတ်သိမ်းကြောင်း၊ ကုလားပဲတစ်ဧကလျှင် ပျမ်းမျှ ၁၅ တင်းမှ တင်း ၂၀ ထွက်ရှိပြီး သက်တမ်းအနေဖြင့် ၉၅ ရက်မှ ရက် ၁၂၀ အတွင်းရှိကြောင်း၊ ကုလားပဲမျိုးများအနေဖြင့် ရေဆင်း ၃၊ ရေ ဆင်း ၄၊ ရေဆင်း ၆၊ ရေဆင်း ၈၊ ရေဆင်း ၁၂ နှင့် ကရာချိမျိုးများကို အများဆုံးစိုက်ပျိုးကာ စိုက်ပျိုးမှုအများဆုံးအနေဖြင့် ရေဆင်းမျိုးများကို စိုက်ပျိုးကြကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)