မန္တလေးမြို့တွင် သတ္တုဖွံ့ဖြိုးရေးဘဏ်လီမိတက်(မန္တလေးဘဏ်ခွဲ) ဖွင့်လှစ်

မန္တလေး ၉ စက်တင်ဘာ 

သတ္တုဖွံ့ဖြိုးရေးဘဏ်လီမိတက်(မန္တလေးဘဏ်ခွဲ) ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၈၀၊ ၃၁ လမ်းနှင့် ၃၂လမ်းကြားရှိ အဆိုပါ ဘဏ်ခွဲ၌ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 

8355

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် မြို့တော်ဝန် ဒေါက်တာရဲလွင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ သတ္တုဖွံ့ဖြိုးရေးဘဏ်လီမိတက် ဘဏ်ဒါရိုက်တာ အဖွဲ့ဥက္ကဋ္ဌ ဦးရုံးမူ၊ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် သတ္တုဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာ အဖွဲ့ဝင် ဦးသိန်းဆွေတို့မှ ဘဏ်ခွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။

 

8376

 

ထို့နောက် သတ္တုဖွံ့ဖြိုးရေးဘဏ်လီမိတက်(မန္တလေးဘဏ်ခွဲ)မှ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ စတင် ဆောင်ရွက်ပေးခြင်း အထိမ်းအမှတ်အဖြစ် မင်္ဂလာဆိုင်းဘုတ်များကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြကာ ဘဏ်ခွဲ အတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ သတ္တုဖွံ့ဖြိုးရေးဘဏ်လီမိတက်အား မြန်မာနိုင်ငံ၏ သတ္တုတွင်းထွက်နှင့် ကျောက်မျက်လုပ်ငန်း များ ဆောင်ရွက်နေကြသော လုပ်ငန်းရှင်များအတွက် ထောက်ပံ့ကူညီပေးနိုင်စေရန်နှင့် ကျောက်မျက်သတ္တုနှင့် သယံဇာတလုပ်ငန်းများမှ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ကျောက်မျက်နှင့် သတ္တုလုပ်ငန်းရှင်များ စုပေါင်းတည်ထောင် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)