မန္တလေးမြို့တွင် အသုံးပြုမည့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုစမ်းသပ်စက် (PCR) တပ်ဆင်ပြီးစီးမှု အခြေအနေအား မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် သွားရောက်ကြည့်ရှု

မန္တလေး ၁၀ မေ

 

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၆၄ လမ်းနှင့် ၆၆ လမ်းကြားရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုစမ်းသပ်စက် (PCR) တပ်ဆင်ပြီးစီးမှု အခြေအနေများအား မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်မှ အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ဒေါက်တာရဲလွင်တို့နှင့်အတူ သွားရောက်ကြည့်ရှုခဲ့သည်။

 

ရှေးဦးစွာ ခေတ္တဝန်ကြီးချုပ်နှင့်အဖွဲ့အား မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမေဝင့်ဝါက ဓာတ်ခွဲအတည်ပြုစက် (PCR) စတင်အသုံးပြုနိုင်ရန် တပ်ဆင်ပြီးစီးနေမှုများနှင့် လိုအပ်သည့် ဓာတ်ခွဲခန်းသုံးပစ္စည်း အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က မန္တလေးမြို့တွင် တပ်ဆင်မည့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုစက်အား ကိုင်တွယ်အသုံးပြုရန် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများနှင့် ဓာတ်ခွဲပညာရှင်များ အဆင်သင့် ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း၊ အဆောက်အုံပိုင်းဆိုင်ရာ လုပ်ငန်းများပြီးစီးပါက မေလနောက်ဆုံးပတ်အတွင်း ကိုဗစ်-၁၉ ရောဂါအတွက် ဓာတ်ခွဲစမ်းသပ်ဆေးမှုလုပ်ငန်းကို မန္တလေးမြို့တွင် စတင်လုပ်ဆောင်နိုင်တော့မည်ဖြစ်ပြီး တစ်ရက်လျှင် လူဦးရေ ၁၈၀ ဝန်းကျင်ခန့်အထိ စစ်ဆေးပေးနိုင်ရန် စီစဉ်ထားရှိကြောင်း တင်ပြခဲ့သည်။

 

အဆိုပါရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ခေတ္တဝန်ကြီးချုပ်က ဓာတ်ခွဲအတည်ပြု စမ်းသပ်စစ်ဆေးစက် (PCR) တပ်ဆင်အသုံးပြုရန် လိုအပ်သည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများအား  မန္တလေးမြို့တော်ဝန်နှင့် ညှိနှိုင်းပေါင်းစပ်ကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဓာတ်ခွဲစစ်ဆေးမှု လုပ်ငန်းအား မန္တလေးမြို့တွင် အမြန်ဆုံး ဆောင်ရွက်နိုင်ရန် ကြိုးစားလုပ်ဆောင်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားကာ ဓာတ်ခွဲစစ်ဆေးမှုအား ယခုထက်ပိုမို၍ ဆောင်ရွက်နိုင်ရန် ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးနိုင်မည့် စက်အသစ်တစ်လုံး ထပ်မံတိုးချဲ့တပ်ဆင်သွားရန် စီစဉ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တာဝန်ရှိသူများမှ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲစစ်ဆေးစက် (PCR) တပ်ဆင်ထားရှိမည့် နေရာနှင့် ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်မည့် အဆောက်အုံပိုင်းဆိုင်ရာ ပြုပြင်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုစစ်ဆေးစက် (PCR) ကို မေလနောက်ဆုံးအပတ်၌ စတင်အသုံးပြုနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပြီး အဆိုပါစက်ဖြင့် စမ်းသပ်စစ်ဆေးမှု တစ်ကြိမ်လုပ်ဆောင်ရန် ၃ နာရီမှ ၅ နာရီအထိ ကြာမြင့်မည်ဖြစ်ပြီး တစ်နေ့လျှင် ဓာတ်ခွဲစမ်းသပ်မှု နှစ်ကြိမ်လုပ်ဆောင်ကာ တစ်ရက်လျှင် လူဦးရေ ၁၈၀ ဦးအား ဓာတ်ခွဲအတည်ပြုစစ်ဆေးပေးနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

 

အဆိုပါ ဓာတ်ခွဲစမ်းသပ်စက် (PCR) တပ်ဆင် အသုံးပြုနိုင်ရန် လိုအပ်သည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများအား  မန္တလေးမြို့ရှိ ကိုဗစ်-၁၉ ရောဂါရန်ပုံငွေ ရှာဖွေရေးကော်မတီမှ ထောက်ပံ့ကူညီလှူဒါန်းထားခြင်းဖြစ်ပြီး အဆိုပါ အလှူရှင်ကော်မတီမှ ထပ်မံ၍ ဓာတ်ခွဲစစ်ဆေးမှုများ ပိုမိုတိုးချဲ့လုပ်ဆောင်နိုင်ရန် ငွေကျပ် သိန်း ၄၇၅၀ ကျော် တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲစစ်ဆေးစက်အသစ် တစ်စုံနှင့် လူဦးရေ ၃၅၀၀၀ ခန့်ကို စစ်ဆေးနိုင်မည့် Reagents များကို လှူဒါန်းရန် မှာယူထားပြီးဖြစ်ရာ အဆိုပါစက်ပစ္စည်းများ မေလနောက်ဆုံးပတ်အတွင်း မန္တလေးမြို့သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)