မန္တလေး  ၁၉   မတ်

 

COVID-19ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယာဉ်ရပ်နားစခန်းများတွင် လည်း ဆောင်ရွက်လျက်ရှိပြီး အဝေးပြေးယာဉ်များပေါ်တွင် ဆေးရည်ဖျန်းခြင်းများနှင့် ခရီးသည်းများအား ကိုယ်အပူချိန်တိုင်း စက်ကိရိယာအသုံးပြု၍ တိုင်းတာခြင်းများကို ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီမှ သိရသည်။

 

"အခုနောက်ပိုင်း ကားတွေပြန်လာတဲ့အချိန်မှာ ကားတွေကို နှစ်ခေါက်တစ်ကြိမ်ပဲဖြစ်ဖြစ် တစ်ခေါက် တစ်ကြိမ် ပဲဖြစ်ဖြစ် ဆေးရည်ဖျန်းပေးဖို့ ယာဉ်အသင်းတွေကို လိုက်ပြီးနှိုးဆော်နေပါတယ်၊ ယာဉ်အသင်းတွေ အားလုံးညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းပူးပေါင်းပြီး ကာကွယ်တဲ့အနေနဲ့ ဆောင်ရွက်ဖို့ စည်းရုံးနေပါတယ်၊ တချို့ ယာဉ်အသင်းတွေ ဆေးဖျန်းတာတွေကို စပြီးလုပ်နေပါပြီ၊ ကားပေါ်ဆေးဖျန်းပြီးတဲ့အခါမှာ သုံးနာ ရီကြာပိတ်ထားပါတယ်၊ ပြီးမှ အဲဒီကားကိုအသုံးပြုပါတယ်။

 

ဆေးဖျန်းတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကြိုတင်ကာကွယ်ဖို့အတွက်ပါ၊ ကားပေါ်မှာ ဗိုင်းရပ်စ်ပါ လာတဲ့ တစ်ယောက်ပါလာခဲ့သော် ဒီဆေးဖျန်းထားတဲ့အတွက် နောက်လူကို ကူးစက်မှုလည်း မရှိဘူး၊ ဒီ ဆေးကို ပုံမှန်လေးဖျန်းသွားမယ်ဆိုရင် ကားပေါ်ပါခရီးသည်တွေလည်း စိတ်ချမ်းသာ စိတ်ချလက်ချသွား လို့ရမယ်။

 

လက်ဆေးသန့်စင်ရည် သုံးစွဲဖို့လုပ်နေပါတယ်၊ ယာဉ်လိုင်းတွေ ဂိတ်တွေမှာ လက်ဆေးရည်ဘူး တွေကို ထားပေး ထားတယ်၊ ကားပေါ်တက်တဲ့အခါမှာလည်း တစ်ယောက်ချင်းကို လက်ထဲထည့်ပြီး ပွတ် ခိုင်းတယ်၊ ကားပေါ်ကနေဆင်းပြီး ပြန်တက်တဲ့အခါမှာလည်း လက်ဆေးဖို့လက်ထဲကို တစ်ခါတည်းထည့်ပေးလိုက်တယ်၊ တစ်ခါတည်းလုပ်ဖြစ်အောင်လို့ပါ"ဟု မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများကြီး ကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်လင်းကပြောသည်။

 

COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ယာဉ်ရပ်နားစခန်း များတွင် ခရီးသည်များအား အသိပညာပေးခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိပြီး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဝေငှခြင်း၊ ဂိတ်များနှင့် ယာဉ်များပေါ်တွင် လက်သန့်စင်ဆေးရည်များ ထားရှိအသုံးပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိပ်ထားနိုင်