မော်လမြိုင်  ဩဂုတ်     ၁၁

 

မွန်ပြည်နယ် ကိုဗစ်-၁၉  ကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး  ကော်မတီသို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူငွေနှင့်  ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ် ၁၀ နံနက်ပိုင်းက မော်လမြိုင် မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပခဲ့ရာ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊  အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်ကိုကိုမောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊  လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်း ရေးမှူး၊ ပြည်နယ်အဆင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ပရဟိတလူမှုအဖွဲ့အစည်းများ တက်ရောက် ကြသည်။

 

အခမ်းအနားတွင် မွန်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး  ကော်မတီ၊  ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက “ပိုးတွေ့လူနာများအတွက် လိုအပ်သည့်အောက်ဆီဂျင်များ၊   အထောက်အကူပြုပစ္စည်းများကို ဝိုင်းဝန်းကူညီပေးသည့်အတွက် များစွာကျေးဇူးတင်ရှိကြောင်း၊   မော်လမြိုင်ဆေးရုံကြီးတွင် တန် ၂၀ အောက်ဆီဂျင်အရည်ကို ယခုတစ်ပတ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည့်အပြင်  အခြားမြို့နယ်များတွင်လည်း အလှူရှင်များ ကူညီပံပိုးမှုဖြင့်   အောက်ဆီဂျင်စက်ရုံများကို  ဆောက်လုပ်ပြီးဖြစ်ကြောင်း၊  နိုင်ငံတော်အနေဖြင့် ဆေးပစ္စည်းများ၊   ကျန်းမာရေးအထောက်အကူပြုပစ္စည်းများအား အကောက်ခွန်များ လျော့နည်းစေရေး ဆောင်ရွက်ပေး လျက် ရှိကြောင်း၊ ယနေ့ လှူဒါန်းပေးကြသော အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်   အလှူရှင်များအား ကျေးဇူးအထူးတင်ရှိကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် မိသားစုများမှ လှူဒါန်းသည့်  ငွေကျပ် ၁၇၄၆၈၀၀ တန်ဖိုးရှိ   ကျန်းမာရေး အထောက်အကူပြုပစ္စည်း များအား အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်မှူးက ပေးအပ်လှူဒါန်းရာ  ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်၊ အတွင်းရေးမှူးတို့က အလှူရှင် များ လှူဒါန်းသည့် အထောက်အကူပြုပစ္စည်းများအား လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီးသည်။ ထို့နောက် ပရဟိတလူမှုအဖွဲ့အစည်းများအား ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် အင်အားဖြည့်ရိက္ခာများ ပေးအပ်ပြီး Oxygen Concentrator ငါးလုံးကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်သည်။

 

မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများမှ   လှူဒါန်းသည့် ပစ္စည်းတန်ဖိုးငွေကျပ် ၁၈၄၄၆၈၈၀၀ နှင့် ငွေသား လှူဒါန်းငွေကျပ် ၄၂၈၁၈၀၀၀ စုစုပေါင်း အလှူငွေကျပ် ၂၂၇၂၈၆၈၀၀ လက်ခံရရှိပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အဘက်ဘက်က ထောက်ပံ့ဖြည့်ဆည်းပေးသကဲ့သို့ စေတနာရှင်၊ အလှူရှင်များကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)