မြန်မာ့သံနှင့်သံမဏိအခန်းကဏ္ဍကို ပြန်လည်သုံးသပ်ခြင်း

ကိုချင်း

(ယမန်နေ့မှအဆက်)

သံကြမ်းခဲတွင်ပါဝင်သော အပေါက်များကို ပြာနှင့်ချော်များဖြင့်ဖြည့်သည်။ ထိုသံကြမ်းကို အပူပေးခြင်းဖြင့် သံကိုပျော့လာစေပြီး ချော်ကို အရည်ပျော်စေသည်။ တူဖြင့် ထုနှက်၍ အရည်ပျော်နေသောချော်ကို ဖယ်ထုတ်သည်။ အတော်အတန် ပျော့၍ ပုံသွင်းနိုင်သော သံကြွပ် ( wrought Iron) ကိုရရှိသည်။
သံကြွပ်အား ကာဗွန်ဖြည့်စွက်သောနည်းစဉ်ကို ကြေးမှသံသို့အသုံးပြုမှု အကူးအပြောင်းတွင် တစ်ပြိုင်နက်တည်းဖြစ်ပေါ်သည်။ သံကြွပ်ကို မီးသွေးပြင်ပေါ်တွင်အပူပေး၍ ရေ သို့မဟုတ် ဆီဖြင့် ငြှိမ်းသတ်ပါက ပို၍သံမာလာသည်။ သံ၏အပေါ်ယံလွှာသည် သံမဏိသို့ ကူးပြောင်းလာသည်။ ကြေးထက်ပိုမာ၍ မကြွပ်ဆတ်သဖြင့် ကြေးနီ၏ နေရာတွင် အစားထိုးသုံးစွဲလာနိုင်သည်။

ထင်းမီးသွေးကို အပူပေးပါက လေတွင်ပါဝင်သော အောက်ဆီဂျင်ဖြင့်ပူးပေါင်းကာ ကာဗွန်မိုနောက်ဆိုက် (Carbon Monoxide, CO) ကိုထုတ်လုပ်သည်။ အပူသည် ရေပါသော သံအောက်ဆိုက်မှ ရေကိုဖယ်ထုတ်ပစ်၍ ဟေမတိုက် (Fe2O3) သို့ ပြောင်းသည်။ ဟေမတိုက်ကို ဓာတ်လျော့သောအခါ ဝူးစတိုက်(FeO)ထွက်လာသည်။ ကာဗွန်မိုနောက် ဆိုက် CO သည် ဝူးစတိုက်ကို သံဒြပ်စင် (Fe) သို့ ပြောင်းစေသည်။ ဝူးစတိုက်(FeO) သည် သဲနှင့် ဓာတ်ပြု၍ ချော်တွင် အဓိကပါဝင်သည်။ သံအော် လီဗင်း-ဖာယာလိုက်ကို ဖြစ်ပေါ်စေသည်။

တစ်ချိန်တည်း၌ပင် အချို့သံများသည် ချော်တွင်ပါဝင်သွား၍ ဆုံးရှုံးသွားသည်။ ထို့အတူ သံအောက်ဆိုက်များလည်း ဆုံးရှုံးသည်။ ချော်များတွင် သံရိုင်း၌ပါသည့် အခြားမလိုအပ်သော ပစ္စည်းများ၊ အရည်ပျော်သော ဖိုနံရံများ၊ ဆီလီကာများနှင့် လောင်စာတွင်ပါဝင်သော အောက်ဆိုက်များ စသည်တို့ ပါဝင်ကြသည်။ မြင့်မားသောအပူချိန်၌ ပါဝင်သော ဆီလီကာများသည် သံအောက်ဆိုက်များ နှင့်ပူးပေါင်း၍ အော်လီဗင်းတွင်းထွက် (Mineral) တစ်မျိုးဖြစ်သည့် ဖာယာလိုက်ကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ ရှေးခေတ်အခြေခံကျသော သံကုန်ကြမ်းဖြစ်သည့် သံမြေမှ သံချက်လုပ်သည့်နည်းဖြစ်သည်။

စမုံမြစ်ဝှမ်းအနီးတွင် သံချက်ဖိုများ အများအပြားတွေ့ရှိ

မြန်မာနိုင်ငံတွင် ရှေးအခါကတည်းက ကြေး၊ သံထုတ်လုပ်ပြီး အသုံးပြုခဲ့ကြသည့် ကြေးခေတ်၊ သံခေတ်သမိုင်းကြောင်းကို ရှေးဟောင်းသုတေသန ပညာရှင်များ၏ လေ့လာတွေ့ရှိချက် အထောက်အထားများအရ သိရသည်။ အထက်ဖော်ပြပါ တင်ပြ သောအချက်များသည် ရှေးဟောင်းသုတေသန ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များဖြစ်သည်။

ကျွန်တော်တို့ လက်လှမ်းမီသောခေတ်ကို ပြန်ကြည့်မည်ဆိုပါက စမုံမြစ်ဝှမ်းဒေသတွင် ကြေးခေတ်၊ သံခေတ်တို့ကို ကျော်ဖြတ်ခဲ့သော သမိုင်း အထောက်အထားများ တွေ့ရှိရသည်။ စမုံမြစ်ဝှမ်းသည် မြစ်သားမြို့အနီးတွင်တည်ရှိပြီး ထူးခြားချက်မှာ စမုံမြစ်သည် တောင်ဘက်မှ မြောက်ဘက်သို့ စီးဆင်းနေခြင်းဖြစ်သည်။ ယင်းမြစ်ဝှမ်းအနီးတွင် သံချက်ဖိုများ အများအပြားတွေ့ရှိခဲ့ပြီး ကြေးခေတ် နှင့်ပတ်သက်သည့် အထောက်အထားများလည်း အများအပြားတွေ့ရှိခဲ့သည်။

သံချက်ဖိုများကို ပုပ္ပားတောင်၏ အနောက်တောင်ဘက်တွင်ရှိသော သံဘိုကျေးရွာ အနီးတစ်ဝိုက်၊ ချောင်းဖျားရွာတစ်ဝိုက်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် တစ်ကောင်း-ကြာညှပ် အနီးပတ်ဝန်းကျင်တွင် ရှေးဟောင်းသံဖို များ အများအပြားကို နေရာအနှံ့တွေ့ရှိခဲ့ကြသည်။ 
သံသတ္တုသိုက်များသည် မြန်မာနိုင်ငံ၌ ပြန့်ကျဲနေပြီး ရှေးအခါကတည်းက တည်ရှိခဲ့သည်။ သံသတ္တုရိုင်းကိုအခြေခံ၍ ထုတ်လုပ်သော သံချက်လုပ်ငန်းသည်လည်း မြန်မာနိုင်ငံအနှံ့ပင်ဖြစ်သည်။ ရှေးသံချက်လုပ်ငန်းရှိရာ ဒေသများတွင် အသုံးပြုခဲ့သော ရှေးသံချက်ဖိုများ၊ ချော်များကို တွေ့ကြရသည်။ သံချက်လုပ်သောနည်းပညာသည် ကြေး ခေတ်တွင် သန္ဓေတည်၍ ယင်းမှသည် သံခေတ်၊ သမိုင်းမတင်မီ မြို့ပြထူထောင်သောခေတ်၊ ရှေးမြန်မာမင်းများလက်ထက်တိုင် ထင်ရှား၍ အားကိုးအားထားပြုရသော နည်းပညာဖြစ်ခဲ့သည်။ ရှေးအခါက ပေါ်ထွန်းခဲ့သည့် အမျိုးမျိုးသော သံချက်ဖိုများသည် ထိုခေတ်ထိုအခါက လူတို့၏ဘဝကို ထူးထူးခြားခြားပြောင်းလဲစေပြီး အလှည့်အပြောင်းသစ်များ ဖြစ်ပေါ်စေခဲ့သည်။

ဖိုပုံသဏ္ဌာန်အမျိုးမျိုးကွဲပြား

သံချက်ရာတွင် ဖိုအတွင်း လေသွင်းမှုအပေါ် အခြေခံ၍လည်းကောင်း၊ ဖိုမှသတ္တုနှင့် ချော်များ ဖယ်ထုတ်ပုံကို အခြေခံ၍လည်းကောင်း၊ သီးခြားရပ်တည်၍လည်းကောင်း၊ ကမ်းပါးကို အမှီပြု၍ လည်းကောင်း ဖိုပုံသဏ္ဌာန်အမျိုးမျိုး ကွဲပြားခြားနားကြသည်ကို တွေ့ရသည်။ ဖိုတွင် ဖလားပုံဖို၊ အမိုးခုံးပုံရှိသောဖို၊ လိုဏ်ခေါင်းပါသောဖို၊ ချော်တွင်း ပါသောဖို၊ ကမ်းပါးတွင် နံရံကိုတွင်းတူးထားသောဖို ဟူ၍ ခွဲခြားနိုင်သည်။ ဖိုကို သဲပါဝင်သောရွှံ့စေး သို့မဟုတ် ကျောက်တုံးများဖြင့် တည်ဆောက်ခဲ့သည်။ ဖိုအတွင်းနံရံသည် ရှေးကျသောဖိုများတွင် အဝိုင်းဖြစ်၍ နောက်ကျသောဖိုများ၌ လေးထောင့်ပုံသို့ ပြောင်းသွားသည်။ ဖို၏ကုန်ကြမ်းများကို အများအားဖြင့် သံသတ္တုရိုင်းများပါဝင်သည့် ကွန်ကရစ် အလုံးအခဲ (ခေါ်) ဘီလူးမ ထမင်းအိုးမှရရှိသည်။ ယင်းကွန်ကရစ်အလုံးအခဲများကို ဖိုတည်ရာ အနီးတစ်ဝိုက်ရှိ ဧရာဝတီကျောက်လွှာစုနှင့် ပဲခူး ကျောက်လွှာစုများမှ ရရှိသည်။

မီးသွေးကို ပတ်ဝန်းကျင်ရှိ သစ်တောများမှ သစ်များကို မီးသွေး
ဖုတ်၍လည်းကောင်း၊ သစ်သား အနေဖြင့်လည်းကောင်း မီးသွေးရောထင်းပါ အသုံးပြုခဲ့ကြသည်။ တိုက်ရိုက်သံချက်နည်းတွင် မီးသွေးမှ ထွက်ပေါ်လာသော ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့နှင့် သံရိုင်းတွင်ပါဝင်သည့် မလိုအပ်သော ပစ္စည်းများ၊ ဆီလီကာ၊ သံအောက်ဆိုက်နှင့် ဖိုနံရံမှ ရွှံ့စေးတို့ အပူပေးသောအခါ ဓာတ်ပြု၍ အပူချိန် 1100°C အထက်တွင် ချော်များ ဦးစွာစီးကျထွက်ပေါ်လာသည်။ ချော်ပုံကိုကြည့်၍ သတ္တုထုတ်လုပ်မှု၊ သံချက်လုပ်ငန်း၏ တွင်ကျယ်မှုကို ခန့်မှန်းနိုင်သည်။

ချော်ကို ဓာတ်ခွဲကြည့်ခြင်းအားဖြင့် အသုံးပြုသောကုန်ကြမ်းကို ခန့်မှန်းနိုင်သည်။ အများအားဖြင့် သံကြမ်းထုတ်လုပ်ရာတွင် ဖိုကိုဖျက်၍ ယူလေ့ရှိသည်။ ဖိုနှင့် သံကြမ်းကို အကောင်းပကတိနှင့်တွေ့ ရန်ခဲယဉ်းသည်။ ဖိုအစိတ်အပိုင်းအချို့နှင့် ချော်များကိုသာ တွေ့ရလေ့ရှိသည်။ သံကြမ်းကို မီးသွေးဖြင့် အပူပေး၍ ထုနှက်ခြင်းဖြင့် သံထည်ပစ္စည်းများကို ထုတ်လုပ်ကြသည်။ တိုက်ရိုက်သံချက်နည်းစဉ်သည် သံထည်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးတည့် သဖြင့် နှစ်ပေါင်းများစွာ မြန်မာနိုင်ငံတွင် ယင်းနည်းကိုသာ မပြောင်းမလဲ အသုံးပြုခဲ့ကြသည်ဟု ဘူမိဗေဒပညာရှင်များ၊ ရှေးဟောင်းသုတေသန ပညာရှင်များက လေ့လာထားသည်ကို တွေ့ရသည်။

ပုဂံခေတ်၊ တောင်ငူခေတ် စသည့် သမိုင်းခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလာရာ ရတနာပုံခေတ် ကနောင်မင်းသားလက်ထက်တွင် နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရန် စက်ရုံတော်ပေါင်း ၅၀ ကျော် ထူထောင်ခဲ့သည်ကို မန္တလေးမြို့ပတ်ဝန်းကျင်တွင်ရှိသော စက်ရုံတော်များကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ ယင်းစက်ရုံတော်များအနက် သံ၊ သံမဏိနှင့်ပတ်သက်ပြီး ထင်ရှားသောစက်ရုံမှာ စစ်ကိုင်းမြို့ ရွှေတောင်ဦးမော်အရပ်တွင် ယခုထိတိုင်ရှိနေသော သံချက်ဖိုကြီးဖြစ်သည်။ ယင်းသံချက်ဖိုကြီးသည် မြန်မာနိုင်ငံတွင် သံထုတ်လုပ်နိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သော်လည်း နည်းမျိုးစုံအဟန့်အတားများ အကြောင်းအမျိုးမျိုးတို့ကြောင့် ပြီးစီးသည်အထိ မတည်ဆောက်နိုင်ခဲ့ပါ။ သမိုင်း အထောက်အထားများအရ လက်နက်စက်ရုံတော်၊ ဒင်္ဂါးအရည်ကျိုစက်ရုံတော်၊ အမြောက်သေနတ်၊ လှံအမျိုးမျိုး၊ ဗုံးဆန်ထုတ်လုပ်သော စက်ရုံတော်၊ သင်္ဘောနှင့်ဆိုင်သောစက်ရုံတော်၊ ရက်ကန်းစက်ရုံတော်၊ ဆန်စပါးအမျိုးမျိုး ကြိတ်ခွဲသော စက်ရုံတော်၊ သစ်၊ ပျဉ်များခွဲသည့် လွှစက်ရုံတော်၊ သကြားချက်စက်ရုံတော်၊ မဲနယ်ချက်စက်ရုံတော် စသည်ဖြင့် စက်ရုံအမျိုးမျိုး ၅၀ ကျော် တည်ထောင်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါစက်ရုံတော်များတွင် သံ၊ သံမဏိကိုအသုံးပြုသည့် စက်ရုံတော်များ အများအပြားတွေ့ရသည်။

သံရည်ကျိုလုပ်ငန်းများ အများအပြားပေါ်ထွန်းလာ

ဗြိတိသျှလက်အောက် ကျရောက်ခဲ့သည့် အချိန်တွင် မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန် ပတ်ဝန်းကျင်၌ နယ်ချဲ့များက စက်မှုလုပ်ငန်းများ လုပ်ကိုင်ကြသည့်အတွက် သံရည်ကျိုလုပ်ငန်းများ အများအပြား ပေါ်ထွန်းလာသည်။ ပုစွန်တောင် သံရည်ကျိုရုံ၊ Rangoon Foundary ဟု ခေါ်ဆိုသော အလုံသံရည်ကျိုရုံ၊ သင်္ဘောကျင်းများတွင်ရှိသော သံရည်ကျိုရုံ စသည်ဖြင့် လုပ်ငန်းအများအပြား ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ကြေး၊ ကြေးနီ ကျိုသည့်စက်များ၊ သံကြွပ်ကျိုသည့်စက်များ၊ သံမဏိပြုလုပ်ရန်အထိ ကြိုးစားခဲ့ကြသည့် အထောက်အထားများလည်း တွေ့ခဲ့ရသည်။

လွတ်လပ်ရေးရရှိပြီး ပြည်တော်သာခေတ်၌ ပထမဦးဆုံး သံ၊ သံမဏိစက်ရုံအဖြစ် တည်ထောင်ခဲ့သည့် စက်ရုံမှာ အင်းစိန်မြို့နယ်မှ ရွာမစက်ရုံ ဖြစ်သည်။ ဤစက်ရုံမှာ သံ၊ သံမဏိနှင့်ပတ်သက်သည့် ပစ္စည်းများ စတင်ထုတ်လုပ်ခဲ့သည်။ ယင်းနောက်တွင် ပြင်ဦးလွင်၌ သံပွစက်ရုံပေါ်ပေါက်လာပြီး Sponge Iron ဟု ခေါ်သော သံပွများ ထုတ်လုပ်ပေးနိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဧရာဝတီ အနောက် ဘက်ကမ်းတစ်လျှောက် ဆင်တဲ၊ မလွန်၊ ထုံးဘို နေရာများတွင် သံကြွပ်သွန်းလောင်းသည့်စက်များ၊ သံမဏိထုတ်လုပ်သည့်စက်များ ပေါ်ပေါက်လာခဲ့ပြီး စက်အစိတ်အပိုင်းပစ္စည်းများ ထုတ်လုပ်ခဲ့ကြသည်။

ဘက်စုံသံမဏိစက်ရုံကြီးကို စတင်တည်ထောင်

၂၀၀၀ ပြည့်နှစ်ကျော်နောက်ပိုင်းတွင် မြန်မာနိုင်ငံစက်မှုလက်မှု ဖွံ့ဖြိုးရေးအတွက် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် သံမဏိသံရည်ကျိုနိုင်သော မီးဖိုများပါဝင်သည့် ဘက်စုံသံမဏိစက်ရုံကြီး (Integrated Steel Mill) ကို စတင်တည်ထောင်ခဲ့သည်။ တည်ထောင်ခဲ့သည့် ရည်ရွယ်ချက်မှာ သံရည်ကျိုရာမှ ထွက်ရှိလာသော သံမဏိများကို အပူးပေးပြီး ကြိတ်ခြင်း၊ အအေးစနစ် ဖြင့် ကြိတ်ခြင်းတို့ ဆောင်ရွက်ကာ သံချောင်းများ၊ သံလုံးများ၊ ပိုက်များ၊ သွပ်ပြားများ၊ သံပြားများ၊ မီးရထားသံလမ်းများထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်အရောက်တွင် ပြည်ထောင်စု လွှတ်တော်က စီးပွားရေးတွက်ခြေ မကိုက်၍ ရပ်တန့်ခြင်းခံရသည့် စက်မှုဝန်ကြီးဌာနရှိ နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံ ၂၂ ရုံနှင့် စီမံကိန်းနှစ်ခုတွင် ဤစက်ရုံကြီးလည်းပါဝင်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ရပ်တန့်သွားခဲ့ရသည်။ ထိုအချိန်က စီမံကိန်းအတွက် စက်ပစ္စည်းများ အားလုံးဝယ်ယူထားပြီးဖြစ်၍ စက်ပစ္စည်းများမှာလည်း မြင်းခြံသံမဏိစက်ရုံသို့ ရောက်ရှိနေပြီးဖြစ်သည်။ ရောက်ရှိပြီး စက်ပစ္စည်းများကို အမိုး အကာအလုံအလောက်မရှိ၍ အမိုးအကာအောက်၌ အနည်းငယ်သာ ထားနိုင်ခဲ့ကြပြီး အများစုမှာ အမိုးအကာမရှိသော မြေပြင်တွင် နှစ်ပေါင်းများစွာ စုပုံထားခဲ့ကာ ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။ အဆိုပါစက်ပစ္စည်းများအား တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ချေးငွေဖြင့် ဝယ်ယူခဲ့ရခြင်းဖြစ်ပြီး နှစ်စဉ်နှင့်အမျှ ချေးငွေအတွက် အတိုးရောအရင်းပါ ပြန်လည်ပေးဆပ်နေရသော်လည်း တစ်ဖက်တွင် စက်ရုံလည်ပတ်နိုင်စွမ်း မရှိသည့်အတွက် နိုင်ငံအတွက် များစွာနစ်နာမှုများဖြစ်ပေါ်ခဲ့သည်။

ဤစက်ရုံစီမံကိန်းကြီးနည်းတူ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ပင်းပက်ဒေသ ပင်ငိုရွာအနီးတွင် သဘာဝသံသတ္တုရိုင်း (Iron Ore) မှ သံစိမ်း (Pig Iron) ထုတ်လုပ်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သည့် ပင်းပက်သံမဏိစက်ရုံစီမံကိန်း ကြီးမှာလည်း စီမံကိန်း ၉၈ ရာခိုင်နှုန်းကျော် ပြီးစီးနေသည့်အချိန်တွင် မြင်းခြံသံမဏိစက်ရုံ စီမံကိန်းကြီးကဲ့သို့ပင် ရပ်ဆိုင်းခံရသည့်စာရင်း၌ ပါဝင်ခဲ့သည်။ စီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် သံစိမ်း (Pig Iron) တန်ချိန် ၂၀၀၀၀၀ ခန့်နှင့် ဟီမတိုက် သံသတ္တုရိုင်း (Hematite Iron Ore 6~31 mm) တန်ချိန် ၄၅၀၀၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်သည်။ အဆိုပါစက်ရုံမှ ထွက်ရှိလာသော သံစိမ်းများသည် နိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက်လည်း သံစိမ်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာတွင် တစ်ဖက်တစ်လမ်းမှ ကြီးစွာသော အထောက်အကူပြုမှုတစ်ခု ဖြစ်လာမည်မှာ အသေအချာပင်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် နိုင်ငံအတွက် နစ်နာနေမှုများကို ပြန်လည်ဆယ်တင်နိုင်ရန် စီမံကိန်းမပြီးစီးသေးသည့် ပင်းပက်သံမဏိစက်ရုံကို ပြီးစီးအောင် ဆက်လက်ဆောင်ရွက်စေခြင်း၊ မြင်းခြံသံမဏိစက်ရုံ၏ ယခင်ကလည်ပတ် ခဲ့ပြီးဖြစ်သည့် Melt Shop- 1 ကို ပြန်လည်လည်ပတ်နိုင်ရန် ဦးစွာစတင်ဆောင်ရွက်စေပြီး စီမံကိန်း ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိနေသည့် အပိုင်းများကိုလည်း အဆင့်လိုက်ပြီးစီးသည်အထိ ဆက်လက်ဆောင်ရွက်စေခဲ့သည်။ ထို့ကြောင့် နှစ်များစွာ ရပ်ဆိုင်းထားသည့် မြင်းခြံသံမဏိစက်ရုံ၏ Melt Shop- 1 ကို ဦးစွာ ပြန်လည်လည်ပတ်နိုင် ရန် ၂၀၂၂ ခုနှစ် နှစ်စမှစတင်၍ ကြိုးပမ်းဆောင်ရွက် ခဲ့ရာ ၂၀၂၃ ခုနှစ် မတ်လရောက်မှသာ ပြန်လည် လည်ပတ်နိုင်ခဲ့သည်။

၉၂ ရာခိုင်နှုန်းအား နှစ်စဉ် ပြည်ပမှတင်သွင်းနေရ

မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း (Myanmar Iron and Steel Association) က မြန်မာနိုင်ငံ၏ သံ၊ သံမဏိလိုအပ်ချက်မှာ နှစ်စဉ်တန်ချိန် နှစ်သန်း ခန့်ရှိပြီး ၉၂ ရာခိုင်နှုန်းအား နှစ်စဉ် ပြည်ပမှ တင်သွင်းနေရကြောင်း၊ ၂၀၃၀ ပြည့်နှစ်အရောက်တွင် သံ၊ သံမဏိလိုအပ်ချက်မှာ တန်ချိန် ၅ ဒသမ ၄ သန်းခန့် လိုအပ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်၊ လူနေမှုဘဝတိုးတက်မြင့်မားလာရန်နှင့် သမိုင်း ကြောင်းအရလည်း အင်မတန်မှ အရေးပါလှသော သံ၊ သံမဏိများထုတ်လုပ်နိုင်ရန် ကြိုးစားရာ၌ အနှောင့်အယှက်အမျိုးမျိုးဖြင့် ရင်ဆိုင်တွေ့ကြုံခဲ့ရပြီး ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျခဲ့ရသည့် အနေအထားများကို တွေ့ရှိရခြင်းဖြစ်သည်။ ကျွန်တော် တို့နိုင်ငံနှင့်အလားတူ အာဆီယံနိုင်ငံတစ်ခုတွင်လည်း သံမဏိစက်ရုံကြီး တည်ထောင်ရာ၌ အလားတူ အခက်အခဲများနှင့် တွေ့ကြုံပြီး အဆိုပါ သံမဏိစက်ရုံကြီးမှာလည်း လည်ပတ်နိုင်ခြင်း မရှိကြောင်း သိရသည်။

ဤသည်ကို လေ့လာသုံးသပ်ခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသည့် သံ၊ သံမဏိထုတ်လုပ်ရေးလုပ်ငန်းတစ်ခု အောင်မြင်သွားမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပြီး ဤသို့ဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် စက်မှုနိုင်ငံများ၏ ဈေးကွက်ပျောက်ဆုံးသွား မည်ဖြစ်သည့်အတွက် ၎င်းတို့၏ဈေးကွက် မပျောက်ဆုံးနိုင်ရန် နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးမှုများ လည်း ကြုံတွေ့ရမည်ဖြစ်ကြောင်း သုံးသပ်ရမိသည်။ ထို့ကြောင့် သံ၊ သံမဏိထုတ်လုပ်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ နည်းပညာရရှိရေး အမြင်အမျိုးမျိုးဖြင့် စဉ်းစားဝေဖန်သုံးသပ်၍ ဝိုင်းဝန်းပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်ကြရန် လိုပါကြောင်း တင်ပြဆွေးနွေးလိုက်ရပါသည်။  ။

ကိုးကား။    
(၁)    ပျောက်ကွယ်လုနီးရှေးဟောင်းသံချက်ဖိုများ၊
(၂)    မြန်မာ့သံခေတ် လူစွမ်းကောင်း ပန်းပဲမောင်တင့်တယ် လေ့လာချက်စာတမ်း၊
(၃)    စမုံမြစ်ဝှမ်းဒေသရှိ ကြေးခေတ်၊ သံခေတ် လက်နက်ကိရိယာများနှင့် ပုတီးစေ့များ၏ ကုန်ကြမ်းအရင်းအမြစ်ကို ကြံဆခြင်း၊ တင်မောင်ဦး (ရွှေပြည်)