မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများအကြား ရေနံနည်းစနစ်ကျတွင်း တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုသဘောတူစာချုပ် လက်မှတ်ရေးထိုး
နေပြည်တော် ဇွန် ၃၀
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များ ပူးပေါင်း၍ နည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်လုပ်ရန် လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ် (Operating Agreement) လက်မှတ်ရေးထိုးပွဲကို ယနေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
လက်မှတ်ရေးထိုးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခင်က ခွင့်ပြုပေးထားသည့် ရေနံလက်ယက်တွင်း တူးဖော်ခြင်းလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ပြီး လက်ရှိတွင် နိုင်ငံတော်ပိုင်ရေနံ သယံဇာတများအား လေလွင့်ဆုံးရှုံးမှု နည်းပါးစွာ ရေရှည်အကျိုးရှိစွာ ထုတ်ယူသုံးစွဲနိုင်စေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး၊ ပြည်တွင်းရေနံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးတို့အပြင် ပြည်တွင်း လုပ်ငန်းရှင်များ၏ ကိုယ်ပိုင်ငွေကြေးအရင်းအနှီးများအား ကုန်ထုတ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံစေရန် ရည်ရွယ်၍ ရေနံနည်းစနစ်ကျတွင်း (Stan-dard Well)များ တူးဖော်ထုတ်လုပ်နိုင်ရန်အတွက် တင်ပြလာသည့် ကုမ္ပဏီများကို စနစ်တကျစိစစ်၍ လုပ်ငန်းလုပ်ကိုင်ခွင့်များ ခွင့်ပြုပေးသွားမည် ဖြစ်ပါကြောင်း၊ ထွက်ရှိလာမည့် ရေနံစိမ်းများကို စနစ်တကျသန့်စင်ပြီး နိုင်ငံပိုင်ရေနံချက်စက်ရုံများသို့ ပို့ဆောင်ချက်လုပ်သွားမည်ဖြစ်ရာ နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း နိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့စာချုပ်ချုပ်ဆိုသည့် ကုမ္ပဏီများအနေဖြင့်လည်း နိုင်ငံနှင့်ပြည်သူအတွက် အကျိုးရှိစေမည့် ရေနံနည်း စနစ်ကျတွင်း (Standard Well)များကို စနစ်တကျ တူးဖော်ထုတ်ကြ ရန်လိုအပ်ပါကြောင်း၊ ဒေသခံ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မိမိတို့လုပ်ကိုင်ဆောင်ရွက်မည့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်အောင် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ယခုလုပ်ကိုင် ဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီများအနေဖြင့် နည်းစနစ်ကျတွင်းတူးဖော်ခြင်း လုပ်ငန်းများမှတစ်ဆင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်သည့် ရေနံလုပ်ငန်းရှင်များအဖြစ် တိုးတက်လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက် ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြီး လုပ်ငန်းဆောင်ရွက်မှု သဘောတူ စာချုပ်ကို လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးကာ စာချုပ်များ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


