ရန်ကုန် ၂၇ စက်တင်ဘာ
မြန်မာပြည်အတွင်း တောင်ပေါ်၊မြေပြန့်ဒေသမကျန် မြို့ပြ၊ကျေးလက်တို့တွင် ရန်ကုန်မြို့၊ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီစာကြည့်တိုက်မှ သတင်း၊ စာပေနှင့်ဖျော်ဖြေရေးအစီအစဉ်ပေါင်းများစွာကိုကြည့်ရှုနိုင်မည့် အစီအစဉ်အား အောက်တိုဘာ(၁)ရက်နေ့တွင် မိတ်ဆက်အခမ်းအနားကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် မဂ္ဂဇင်းနှင့်သတင်းစာပေါင်း(၇၀ဝ၀)ကျော်၊သုတ၊ ရသ eBook နှင့် audio book ပေါင်း (၃၀ဝ၀)ကျော်၊ဘာသာရပ်ဆိုင်ရာ eBookပေါင်း(၁)သိန်းကျော် မှတ်တမ်းရုပ်ရှင်နှင့် တီဗွီအစီအစဉ်ပေါင်း (၇၀ဝ၀)ကျော်၊ ရုပ်ပြကာတွန်းများနှင့် software အသုံးပြုနည်း ရာကျော်တို့ကို မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ရာ မိုဘိုင်းလ်ဖုန်းဖြင့် မကြာမီကြည့်ရှုနိုင်တော့မည်ဖြစ်သည်။
ရန်ကုန်မြို့ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် နိုင်ငံတကာမှစာပေများကိုလေ့ လာနိုင်ရန် ဖွင့်လှစ်ထားရှိပြီး အရှေ့အာရှအဆင့် နိုင်ငံတကာအင်္ဂလိပ်စာဘာသာရပ် အရည်အသွေး စစ်ဆေးခြင်းကို မြန်မာနိုင်ငံ အပါအဝင် ကျင်းပပေးလျှက် ဆုများကိုချီးမြှင့်လျှက်ရှိသည်။
ရန်ကုန်မြို့ ဗြိတိသျှကောင်စီစာကြည့်တိုက်တွင်လည်း ကျောင်းသား၊ ကျောင်းသူများနေ့စဉ်လေ့လာနိုင်ရန် စာအုပ်၊စာပေမျိုးစုံကို ငှားရမ်းပေးလျှက်ရှိပြီး ရန်ကုန်မြို့တွင်သာမက မြန်မာပြည်တစ်ဝန်းမှလူငယ်များ ဖတ်ရှုလေ့လာနိုင်ရန် သုတ၊ရသ စာအုပ်စာပေများနှင့် သတင်းများ၊ ဖျော်ဖြေရေးအစီအစဉ်များကို ဆောင်ရွက်ပေးခြင်းဖြစ်၍ မည်သို့ကြည့်ရှုရမည်ကို အောက်တိုဘာ(၁)ရက်ညနေပိုင်းတွင် ဆက် လက်သတင်းထုတ် ပြန်သွားမည်ဟု သိရသည်။
သန်းထိုက်
ဓာတ်ပုံ - သန်းစိုး


