နေပြည်တော် ဇူလိုင် ၁၆

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းနှင့် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့သည် ယနေ့ နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာကြည့်တိုက်ကို ကြည်ရှုစစ်ဆေးသည်။

 

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာကြည့်တိုက်တာဝန်ခံ ဒေါ်တင်မိုးမိုးက လက်ရှိ စာကြည့်တိုက်တွင် စီးပွားရေးဆိုင်ရာစာအုပ်များ၊ ဘဏ်လုပ်ငန်းဆိုင်ရာစာအုပ်များ၊ ဘဏ်လုပ်ငန်းဥပဒေနှင့် စည်းမျဉ်းဆိုင်ရာစာအုပ်များ၊ စာရင်းကိုင်နှင့် စာရင်းအင်းဆိုင်ရာ စာအုပ်များ၊ အရှေ့တောင်အာရှ ဗဟိုဘဏ် များအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်တို့အပါအဝင် ဒေသဆိုင်ရာနှင့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများမှ ထုတ်ဝေသည့် စာအုပ်များ၊ အာရှဒေသတွင်း နိုင်ငံများ၏ ဗဟိုဘဏ်များ၏ နှစ်ချုပ်အစီရင်ခံစာများ၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး အခြေအနေများနှင့် စပ်လျဉ်းသည့် စာအုပ်များအပါအဝင် စာအုပ်စုစုပေါင်း (၈၈၄၂) အုပ်ရှိပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာကြည့်တိုက်အား elibrary ဖြစ်ရေး ဆောင်ရွက်သွားရန်ရှိပါကြောင်းနှင့် လက်ရှိ စာကြည့်တိုက်၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာကြည့်တိုက်ကို elibrary အဖြစ် ဆောင်ရွက်နိုင်ရေး အလေးပေးဆောင်ရွက်သွားစေလိုပါကြောင်း၊ နိုင်ငံတကာတက္ကသိုလ်နှင့် အဖွဲ့အစည်းများ၏ စာကြည့်တိုက်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေး လုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ လိုအပ်သည့် စာအုပ်စာတမ်းများကို စဉ်ဆက်မပြတ် ဝယ်ယူဖြည့်ဆည်းသွားရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဝန်ထမ်းများ၏ စာပေဖတ်ရှုလေ့လာမှု အားမြှင့်တင်ရေးအတွက် ပတ်ဝန်းကျင်ကောင်းကို ဖန်တီး ပေးရန် လိုအပ်ပါကြောင်း၊ စာကြည့်တိုက်၏ လိုအပ်ချက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာနနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း မှာကြားသည်။

(သတင်းစဉ်)