ရန်ကုန် ဇန်နဝါရီ ၁၅

 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ပြည်တွင်းရှိ ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့်မီဒီယာ၊ အွန်လိုင်းမီဒီယာများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဒုတိယဥက္ကဋ္ဌ(၁) ဦးခင်မောင်ဇော်နှင့် ဒုတိယဥက္ကဋ္ဌ(၂) ဦးခင်မောင်ကျော်ဒင်တို့က မီဒီယာဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာဆက်ဆံရေး ကဏ္ဍဆိုင်ရာများ၊ ပြည်တွင်းသတင်း မီဒီယာဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားကြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် မီဒီယာအဖွဲ့ ၄၁ ဖွဲ့မှ သတင်းမီဒီယာသမားများက မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များကို ဆွေးနွေးကြရာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးကြသည်။

 

ယင်းနောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ နေပြည်တော်မှုခင်းနှင့် သတင်းစုံ အွန်လိုင်းအေဂျင်စီမှ ငွေကျပ် ၁၀ သိန်း လှူဒါန်းသည်။

 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ ဥပဒေရေးရာကော်မတီ၊ သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာသမားများ အကာအကွယ်ပေးရေးကော်မတီ၊ စာရင်းစစ်ကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီနှင့် စီမံခန့်ခွဲရေးကော်မတီတို့ကို ဖွဲ့စည်းထားပြီး သတင်းမီဒီယာကို စောင့်ကြည့်ခြင်းနှင့် အရည်အသွေး မြှင့်တင်ပေးခြင်း၊ သတင်းမီဒီယာ လုပ်ငန်းသုံးပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေးခြင်း၊ သတင်းမီဒီယာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် ဟောပြောပွဲများ စီစဉ်ကျင်းပပေးခြင်း၊ သက်ဆိုင်ရာ ထူးချွန်သူများကို ဆုချီးမြှင့်ရေးအတွက် စာနယ်ဇင်း အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်းနှင့် သတင်းမီဒီယာလုပ်ငန်းများ တိုးတက်‌ရေးအတွက် စီမံချက်များ ရေးသားဖော်ဆောင်ခြင်း စသည့် အဓိကလုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်