နေပြည်တော် ဇန်နဝါရီ ၂၃
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ဖိတ်ကြားထားသူများ ၊ ဘွဲ့ရ ကျောင်းသား / ကျောင်းသူများနှင့် မိဘများတက်ရောက်ကြသည်။
ဉီးစွာ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ဘာသာရပ်အလိုက် ပညာရည်ထူးချွန်ဆုရ ကျောင်းသား / ကျောင်းသူ ၁၀ ဉီးကို ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ရေယာဉ်တည်ဆောက်မှုအင်ဂျင်နီယာဘွဲ့ရ ၂၅ ဉီး ၊ ရေကြောင်းအင်ဂျင်နီယာဘွဲ့ရ ၂၉ ဦး ၊ ဆိပ်ကမ်းအင်ဂျင်နီယာဘွဲ့ရ ၂၉ ဦး ၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်းအင်ဂျင်နီယာဘွဲ့ရ ၇ ဉီး ၊ ရေကြောင်း လျှပ်စစ်နှင့်အီလက်ထရောနစ် အင်ဂျင်နီယာဘွဲ့ရ ၃၂ ဦး ၊ ရေကြောင်းစက်မှုအင်ဂျင်နီယာဘွဲ့ရ ၁၅ ဉီး ၊ ရေကြောင်းသိပ္ပံဂုဏ်ထူးဘွဲ့ရ ၃၉ ဦး ၊ ရေကြောင်းသိပ္ပံဘွဲ့ရ ၁ ဦး ၊ သင်္ဘောလုပ်ငန်းစီမံခန့်ခွဲမှု ၊ ဆိပ်ကမ်းစီမံခန့်ခွဲမှုနှင့် ထောက်ပံ့သယ်ယူပို့ဆောင်ရေးဘွဲ့လွန် ဒီပလိုမာဘွဲ့ရရှိသူ ၅၈ ဦး ၊ စုစုပေါင်း ဘွဲ့ရရှိသူ ၂၃၅ ဦးတို့ကို သက်ဆိုင်ရာ ဘွဲ့လက်မှတ်နှင့် ဒီပလိုမာဘွဲ့လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်အား ၂၀၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှ ၂၀၂၅ ခုနှစ် အထိ ဘွဲ့နှင်းသဘင်အခမ်းအနားကို ( ၁၈ ) ကြိမ် ကျင်းပခဲ့ရာ ရေကြောင်းဘက်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့ ၃၄၆၂ ဦးနှင့် သိပ္ပံဂုဏ်ထူးနှင့် သိပ္ပံဘွဲ့ရ ၁၂၁၉ ဦး ၊ ဒီပလိုမာ ဘွဲ့ရရှိသူ ၁၂၄၈ ဦး၊ အင်ဂျင်နီယာဒီပလိုမာဘွဲ့ရရှိသူ ၁၁ ဦး နှင့် မဟာဘွဲ့ရရှိသူ ၂၂ ဦး ၊ စုစုပေါင်း ဘွဲ့ရရှိသူ ၅၉၆၂ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်