၇ ဒီဇင်ဘာ

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ၂၀၂၁ ခုနှစ် ဧပြီတွင် ကျင်းပရန် စီစဉ်ထားသည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ဒီဇင်ဘာသို့ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ဒီဇင်ဘာ ၇ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

 

ယင်းပြိုင်ပွဲမှာ အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်ပြီး ပုံမှန်အရ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပရမည် ဖြစ်သော်လည်း ကပ်ရောဂါအခြေအနေကြောင့် ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရသည်။ ထို့ပြင် ယင်းပြိုင်ပွဲကို ၂၀၂၁ ဧပြီ ၁၁ ရက်မှ မေ ၈ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း အရှေ့တောင်အာရှနိုင်ငံများတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို အလုံးစုံထိန်းချုပ်နိုင်ခြင်း မရှိသေးသောကြောင့် အာဆီယံဘောလုံးအဖွဲ့ချုပ်အနေဖြင့် (၃၁)ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲပြီးဆုံးသည့် ဒီဇင်ဘာလဆန်းပိုင်းသို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ် အနေဖြင့် စပွန်ဆာဝင်ငွေများပြားစွာ ရရှိမည်ဖြစ်သောကြောင့် ယင်းပြိုင်ပွဲကို မဖြစ်မနေကျင်းပရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ပြုလုပ်သွားရန် စီစဉ်ထားသည်။

 

နောက်ဆုံးအဆင့်ပြိုင်ပွဲကို အသင်း ၁၀ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ငါးသင်းနှစ်အုပ်စုခွဲကာ ပြိုင်ပွဲဝင်အသင်း တစ်သင်းအနေဖြင့် အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲကစားရမည် ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ယခင်က တိုက်ဂါးဖလားပြိုင်ပွဲ၊ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အမည်များဖြင့် ကျင်းပခဲ့သော်လည်း ၂၀၀၈ ခုနှစ်မှစတင်ကာ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲအမည်ဖြင့် ပြောင်းလဲကျင်းပခဲ့ခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲကို ၁၂ ကြိမ် ကျင်းပထားပြီး ထိုင်းအသင်းက ငါးကြိမ်ဖြင့် အအောင်မြင်ဆုံးဖြစ်နေကာ စင်ကာပူအသင်းက လေးကြိမ်၊ ဗီယက်နမ်အသင်းက နှစ်ကြိမ်နှင့် မလေးရှားအသင်းက တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။ နောက်ဆုံးကျင်းပထားသည့် ၂၀၁၈ ပြိုင်ပွဲတွင် ဗီယက်နမ်အသင်းက ဗိုလ်စွဲထားသည်။

 

မြန်မာအသင်းသည် အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၂၀၀၄ နှင့် ၂၀၁၆ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်