ရန်ကုန်     ဇွန်     ၂၉

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)ကို ဇွန် ၂၉ ရက်က ကျင်းပရာ  ရန်ကုန်ယူနိုက်တက်အသင်း သုံးပွဲဆက်အနိုင်ရပြီး Young Lionesses အသင်း ဂိုးမိုးရွာခဲ့သည်။

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ သစ္စာအားမာန်အသင်းသည် ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း ဒုတိယပိုင်းတွင် ဂိုးများပြန်ပေးရကာ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းမှာမူ ရမှတ်တူအသင်းများဖြစ်သည့် ဧရာဝတီနှင့် အား/ကာသိပ္ပံအသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုကို အပြည့်အဝအသုံးချကာ သုံးပွဲဆက်တိုက် နိုင်ပွဲရယူခဲ့သည်။    

နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ၃၈ မိနစ်တွင် မြတ်နိုးခင်က သစ္စာအားမာန်အသင်းအတွက် ဂိုးစတင်သွင်းယူကာ ပထမပိုင်းအပြီးတွင် ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းက ချေပဂိုးရရန် ကြိုးပမ်းလာပြီး ၆၅ မိနစ်တွင် ဒေစီအောင်က ချေပဂိုး ပြန်သွင်းကာ အနိုင်ဂိုးကို မိနစ် ၇၀ တွင် ဇင်မိုးပြည့်က ပင်နယ်တီမှတစ်ဆင့်  သွင်းယူခဲ့သည်။ ယခုပွဲ အတွက်  အကောင်းဆုံးကစားသမားဆု   (AYA Pay player of the Match) ကို ရန်ကုန်ယူနိုက်တက် ဂိုးသမား အေမီခိုင်က  ရရှိပြီး  အမှတ်တရဆုနှင့်   ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။

ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် Young Lionesses အသင်းက ရန်ကုန်စီးတီးအသင်းကို ကိုးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင်အမျိုးသမီးအသင်းဖြစ်သော Young Lionesses  အသင်းသည် တိုက်စစ်မှူး ရှင်းသန့်ဖြူစင်ပြုံး၏ တစ်ဦးတည်း ငါးဂိုးသွင်းယူမှုနှင့်အတူ ယခုရာသီ၏ ဂိုးအပြတ်ဆုံးနိုင်ပွဲ ရယူနိုင်ခဲ့သည်။  Young Lionesses အသင်းအတွက် အနိုင်ဂိုးများကို ၂၅ မိနစ်တွင် ပြည့်ပိုင်မှူးအိမ်၊ ၃၂ မိနစ်တွင် မြတ်မိုးစံ၊ ၃၈၊ ၄၉၊ ၆၃၊ ၇၀၊ ၇၁ မိနစ်တွင် ရှင်းသန့်ဖြူစင်ပြုံး၊ ၆၇ မိနစ်တွင် ဆောင်းသဇင်၊ ၈၃ မိနစ်တွင် ဝင်းရူပါတို့က သွင်းယူခဲ့သည်။ Young Lionesses အသင်းသည် ဒုတိယမြောက်နိုင်ပွဲရယူနိုင်ခဲ့ပြီး ရန်ကုန်စီးတီးအသင်းမှာမူ သုံးပွဲဆက်တိုက် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။  ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆု (AYA Pay player of the Match) ကို ငါးဂိုးသွင်းယူသည့် Young Lionesses အသင်းတိုက်စစ်မှူး ရှင်းသန့်ဖြူစင်ပြုံးက ရရှိပြီး အမှတ်တရ ဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။

ပွဲစဉ် ၃ ဒုတိယနေ့ကို ဇွန် ၃၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပုသိမ်မြို့ရှိ ကိုးသိန်းကွင်း၌ ဧရာဝတီအသင်းနှင့် အား/ကာသိပ္ပံအသင်း၊ သုဝဏ္ဏကွင်း၌ ရတနာပုံအသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ `

သတင်း-ကိုညီလေး

ဓာတ်ပုံ-MWL