မင်းပြား    စက်တင်ဘာ        ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့ ပြည်တော်သာရပ်ကွက်ရှိ ကျိန်းရိပ်ကရုဏာ လူမှုကူညီရေး အသင်းရုံး၌ စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက အောက်ဆီဂျင်စက် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် တက်ရောက်လာသည့် ဧည့်ပရိသတ်များက မင်းပြားမြို့နယ် သံဃနာယက ဆရာတော် ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ် သယံဇာတ ရေးရာဝန်ကြီး ဦးသန်းထွန်းက အောက်ဆီဂျင်စက် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးသခင်ချိုထံ ငွေကျပ်သိန်း ၁၀၀ လှူဒါန်းပြီး လှူဒါန်းရခြင်းအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မင်းပြားမြို့နယ် ကိုဗစ်-၁၉  ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ပံ့ပိုးရေး မြို့နယ်အဆင့်အရပ်ဘက် အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေက ကျိန်းရိပ်ကရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသန်းထွန်းထံ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်ဘူး အလုံး ၆၀ ထွက်ရှိသည့် အောက်ဆီဂျင်စက်အား လွှဲပြောင်းပေးအပ်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည်  မင်းပြားမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိ၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်သည့့်် ငွေကျပ် သိန်း ၂၀ အား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး  ဒေါက်တာနေဝင်းထွန်းအား ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဖားပြို(အထက်)ကျေးရွာသို့ ရောက်ရှိပြီး သာသနပါလ ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံခဲ့ပြီး မင်းပြားမြို့နယ် မြို့မဈေးသို့ သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

သိန်းနုအောင်