မင်းဘူးမြို့၌ ရပ်ကွက်နေပြည်သူများ သောက်သုံးရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေး ကွင်းဆင်း စစ်ဆေး

မင်းဘူး   ၁၉   ဒီဇင်ဘာ  

   

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နေ ပြည်သူများနှင့် ဌာနဆိုင်ရာရုံးများသို့ သောက်သုံးရေဖူလုံစွာ ဖြန့်ဝေပေးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်နှင့် ဝန်ထမ်းများအဖွဲ့သည် ယနေ့ နံနက် ၉ နာရီက နေ့စဉ် ရေဖြန့်ဝေပေးနေသည့် ရေတွင်းများ သန့်ရှင်း သပ်ရပ်မှု ရှိ/မရှိ ၊  ရေစက်ရုံများရှိ ရေမော်တာနှင့် ပန့်များ၊ ရေဂိတ်ဘားများနှင့် ရေပိုက်လိုင်းများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/ မရှိ တို့ကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

mdn

 

ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးဝင်းနိုင်နှင့် ဝန်ထမ်းများအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာ ရုံးများသို့ သောက်သုံးရေများ နေ့စဉ်ရေဖြန့်ဝေပေးနေသော  ကျောက်တန်းရေစက်ရုံနှင့် တာဘိုင်ရေစက်ရုံသို့ သွားရောက်ပြီး ရေမော်တာ၊ ပန့်နှင့် ရေဂိတ်ဘားများ ကြံ့ခိုင်ကောင်းမွန်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ မြစ်ရေတင် စနစ်ဖြင့် ပေးဝေသည့် အောင်မြေရေလှောင်ကန်နှင့် လိပ်တောင်ရေလှောင်ကန်တို့တွင် ရေပြတ်လပ်မှု မရှိအောင် ရေများဖြည့်တင်း ထားမှုရှိ/မရှိနှင့် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေးကာ တာဝန်ကျ ဝန်ထမ်းများအား ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာရုံးများ ရေပြတ်လပ်မှုမဖြစ်စေရန်နှင့် မီးဘေးလုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။

 

ကျွန်တော်တို့ မင်းဘူးမြို့မှာ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိပြီး အိမ်ခြေ(၄၇၂၅)အိမ်၊ လူဦးရေ ၂၄၄၅၄ ဦးခန့် နေထိုင်လျက်ရှိပါတယ်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ရပ်ကွက်နေပြည်သူများ သောက်သုံးရေ ဖူလုံစေရေး အတွက် အိမ်သွယ်ရေမီတာ စုစုပေါင်း (၃၆၄၆) တိုင် သွယ်တန်းတပ်ဆင်ပြီး တစ်နေ့လျှင် ရေဂါလန် (၆ ဒသမ ၈ ) သိန်းခန့် နေ့စဉ်ဖြန့်ဝေပေးလျက်ရှိပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာရုံးများကိုလည်း ရေပြတ်လပ်မှုမရှိစေရေး စနစ်တကျ ဖြန့်ဝေပေးနေပါတယ်။ ယခုလို သောက်သုံးရေများ ဖြန့်ဝေပေးရာတွင် ရေလေလွင့်ဆုံးရှုံးမရှိစေရေးအတွက်ကိုလည်း ရေပိုက်လိုင်းများ ကောင်းမွန်မှု ရှိ/ မရှိ စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ပြီး ရေပိုက်တွေပေါက်နေပါက ချက်ချင်းပြုပြင် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ယခုဆိုရင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်လို့ နေ့စဉ်ရေဖြန့်ဝေ ပေးနေတဲ့ ရေစက်ရုံတွေ မီးဘေးလုံခြုံရေးနဲ့ ရေတွင်း၊ ရေလှောင်ကန်တွေ သန့်ရှင်းသပ်ရပ်မှု အလေးထား ဆောင်ရွက်ရေး ကြပ်မတ်စစ်ဆေး ဆောင်ရွက်နေပါတယ် ဟု မင်းဘူး (စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်က ပြောပြသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)