မချမ်းဘော ဇူလိုင် ၁၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေဆိုင်ရာ အသိပညာပေး Talk Showကို ဇူလိုင် ၁၅ ရက် နံနက် ၁၁ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မချမ်းဘောမြို့နယ်ရုံး မြို့နယ်ဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က အသိပညာပေး Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မချမ်းဘော့မြို့နယ် မြို့နယ်ဥပဒေအရာရှိ ဦးထက်ရှိုင်းအောင်က သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပြဌာန်းရခြင်းရည်ရွယ်ချက်၊ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ဖွဲ့စည်းထားမှု၊ပ ြဌာန်းထားသည့် ပြစ်မှုပြစ်ဒဏ်များ စသည့် အကြောင်းအရာများကို အကျယ်တ၀င့်ဆွေးနွေးခဲ့သည်။
အဆိုပါ Talk Show ကို သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးရေးအတွက် သဘာဝဘေး အန္တရာယ်လုပ်ငန်းကို စနစ်တကျ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားကော်မတီနှင့် ဒေသဆိုင်ရာ အဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ အစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း၊ နိုင်ငံရပ်ခြားဒေသတွင်း အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်း ကာကွယ်နိုင်ရန်နှင့် ဘေးသင့်ပြည်သူများကို ပိုမိုကောင်းမွန်သည့် လူနေမှုဘဝ ရရှိရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်းမှုများကို စီစဉ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး ထိုသို့ ဆွေးနွေးမှုများကို လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် We Love Putao နှင့် We Love Machanbaw Pages များတွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်


