မကွေး၊ ၃၀ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများကော်မတီမှ တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးတွင် ဆောင်ရွက်လျက်ရှိကြသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေး (၃/၂၀၂၀)ကို ဒီဇင်ဘာလ ၂၉ ရက် ညနေ ၃ နာရီက မကွေးမြို့ မကွေးမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ခရိုင်/မြို့နယ် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှ မိမိမြို့နယ်များ အလိုက် ပုံမှန်အစည်းအဝေးများ ပြုလုပ်၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ ကလေး သူငယ်အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ INGOs, NGOs များနှင့် လူမှုရေးအဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာလျှင် အောင်မြင်သော ကလေးသူငယ်အခွင့်အရေးများကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ကလေးသူငယ်များအားလုံး လက်ရှိကလေးသူငယ်ဥပဒေပါ အခွင့်အရေး(၄)ရပ်ကို တန်းတူညီမျှစွာရရှိရေး၊ ကလေးသူငယ်များအပေါ် နည်းမျိုးစုံဖြင့် လွဲမှားစွာ ပြုကျင့်နေမှုများနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ ပပျောက်နိုင်ရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်း အစီအစဉ်များအား ရပ်ကွက်/ကျေးရွာများနှင့် အခြေခံကျောင်းများအထိ ဆောင်ရွက်နိုင်ရေးနှင့် ကလေးသူငယ်များအား အလွဲသုံးမှုဖြစ်ရပ်များအပေါ် လိုအပ်သည့်ပံ့ပိုးကူညီမှုများ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို တက်ရောက်လာသူများမှ ပွင့်ပွင့်လင်းလင်းဖြင့် ဆွေးနွေးညှိနှိုင်းပေးရန် ပြောကြားသည်။

 

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ တိုင်းဒေသကြီးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဒေါ်နန္ဒာနွယ်ဟန်က တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းများအား တင်ပြဆွေးနွေးပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ မိမိတို့ဆောင်ရွက်နေသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြသည်။

 

မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ INGOs, NGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ထို့အတူ မကွေးခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် တက်ရောက်အမှာစကားပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ မိမိတို့ဆောင်ရွက်နေသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)