မကွေး ၂၆ စက်တင်ဘာ
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး အဆောက်အအုံသစ်ဖွင့်လှစ်ပွဲ အခမ်းအနားကို စက်တင် ဘာ ၂၇ ရက်တွင် ကျင်းပမည်ဖြစ်ရာ ယနေ့နံနက် ၅ နာရီခွဲက မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံးသစ်အတွင်း၌ လွှတ်တော်ရုံး အဆောက်အအုံသစ် ဖွင့်လှစ်ပွဲ အထိမ်းအမှတ် အန္တရာယ်ကင်းပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။
မကွေးမြို့ ရာဇမုနိတောင်ကျောင်းတိုက် ပဓနနာယက နိုင်ငံတော်သြဝါဒါစရိယ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကေလာသ သက်တော်ရှည် ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး၊ ဆရာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ ပင့်သံဃာတော် ဆရာတော်အရှင်သူမြတ်တို့အား မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် အကြီးအကဲများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မကွေးမြို့ သံဃာရာမစာသင်တိုက် ပဓနနာယက မြသလွန်စေတီ တော် ဂေါပကအဖွဲ့ သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစိန္တာသာရ ဆရာတော် အရှင်သူမြတ်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အနုမောဒနာ တရား နာယူခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံးသစ် အဆောက်အအုံအား ကျော်သာ ဆောက်လုပ်ရေး ကုမ္ပဏီမှ (၁၈) လကြာ တည်ဆောက်ခဲ့ပြီး ယခုအခါ ခန့်ညားထည်ဝါသည့် တိုင်းဒေသကြီးလွှတ်တော် အဆောက်အအုံသစ် ပြီးမြောက်ပြီဖြစ်၍ စက်တင်ဘာ ၂၇ ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ရုံးသစ်အား ဖွင့်ပွဲကျင်းပမည်ဖြစ်ရာ အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ်တော်ကြီးများ ကြည့်ရှုအားပေးတက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


