မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၃၅၁ ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

မကွေး စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၃၅၁ ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၄၁၉ ခုကို ငွေကျပ်သန်း ၄၅၉၂ ဒသမ ၉၂၇၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် မကွေး၊ မင်းဘူး၊ သရက်၊ ပခုက္ကူ၊ ဂန့်ဂေါ ခရိုင်ငါးခုအတွင်းရှိ ကျေးရွာပေါင်း ၄၁၉ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း ၃၅၁၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၀၈၂ ဒသမ ၉၂၇၅ စုစုပေါင်း ငွေကျပ် ၄၅၉၂ ဒသမ ၉၂၇၅ သန်းဖြင့် ကျေးရွာအဝင်နှင့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၁၉၉ ခု၊ တံတားပြုပြင် တည်ဆောက်ခြင်းလုပ်ငန်း ရှစ်ခု၊ ကျေးလက်ရေပေးရေးလုပ်ငန်း ၉၈ ခု၊ ကျေးလက်မီးလင်းရေး လုပ်ငန်း ၇၂ ခု၊ စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ခြောက်ခု၊ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း ၁၈ ခု၊ အခြားဖွံ့ဖြိုးရေးလုပ်ငန်း ၁၈ ခု စုစုပေါင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၄၁၉ ခုကို  အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှု တို့ဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်ထံမှ သိရသည်။

 

“ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့တော့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို LIFT Fund နည်းပညာအကူအညီနဲ့ စတင်ဆောင်ရွက်ခဲ့တာပါ။ အခုစီမံကိန်းကနေ ကျေးရွာရဲ့ ပကတိလိုအပ်ချက်တွေပါဝင်တဲ့ ဦးစားပေးအလိုက် လုပ်ငန်းစီမံချက်တွေရရှိအောင် ကျေးရွာသူကျေးရွာသားတွေ ကိုယ်တိုင်ရေးဆွဲနိုင်ခဲ့ပါတယ်။ ဌာနအနေနဲ့တော့ စီမံချက်ပါ ဦးစာပေးလုပ်ငန်းကို ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး စတင်ဆောင်ရွက်ပေးပါတယ်။ စီမံချက်မှာပါဝင်တဲ့ ကျန်လုပ်ငန်းတွေကို မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ အခြားဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့ အစည်းတွေရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ချိတ်ဆက်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ အလွယ်တကူ ဆောင်ရွက်နိုင်မှာဖြစ်တယ်” လို့ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ဆက်လက်ပြောပြသည်။

 

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင်လည်း မြို့နယ် (၂၂)မြို့နယ်အတွင်းရှိ ကျေးရွာ(၃၃၄)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (၃၇၄)ခုကို စီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း ၃၃၄၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၃၈၄ ဒသမ ၀၃၇သန်း၊ လွှတ်တော်ရန်ပုံငွေကျပ် ၁၀ သန်း စုစုပေါင်းငွေကျပ် ၃၇၄၃ ဒသမ ၀၃၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သန်းလွင်(မကွေး)