မကွေး ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာရှိ ပညာဘဏ်တိုက်စာကြည့်တိုက် အဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၇ ရက်က ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်ပေးသည်။
ထို့နောက် စာကြည့်တိုက်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ၊ ပရိဘောဂများ ဖြည့်တင်းထားရှိမှုနှင့် ခင်းကျင်းပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ စာကြည့်တိုက်အဆောက်ဦးသစ် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဌာနဆိုင်ရာများ၊ စာကြည့်တိုက်ကော်မတီဝင်များ၊ ဒေသခံပြည်သူများ၊ ကျောင်းသားလူငယ်များနှင့် တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရနှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းငွေဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းငွေဖြင့်လည်းကောင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်အဆောက်အအုံအသစ်များ တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ ရှိပြီးသား စာကြည့်တိုက်များအတွက် ပရိဘောဂအထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့် သုတ၊ ရသ စာအုပ်စာပေ လှူဒါန်းပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်ပေးသည့် စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချပြီး စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျ ရှင်သန်လည်ပတ်ဆောင်ရွက်ရေး၊ ပရိဘောဂစာအုပ်၊ စာစောင်များ ပျက်စီးပျောက်ဆုံးမှုမရှိစေရေးနှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းပြီး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
ယင်းနောက် မြို့သစ်မြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က စာကြည့်တိုက်နှင့် ပတ်သက်သည့် အချက်အလက်များအား လွှဲပြောင်းပေးအပ်ရာ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးမောင်ညိုက လက်ခံရယူခဲ့ပြီး စာကြည့်တိုက်ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ပညာဘဏ်တိုက် စာကြည့်တိုက်အဆောက်အအုံသစ်အား မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီက ခွဲဝေပေးသည့် ငွေကျပ်(၁၅၀)သိန်း၊ ဒေသခံပြည်သူများက လှူဒါန်းငွေကျပ် (၃၃)သိန်း စုစုပေါင်း ငွေကျပ် (၁၈၃)သိန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက် အဆောက်အအုံသစ် (၂၁)တိုက် တည်ဆောက်ပေးသွားမည်ဖြစ်ရာ ယခုစာကြည့်တိုက် အပါအဝင် စုစုပေါင်းစာကြည့်တိုက် (၉)တိုက်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း(မြို့သစ်)