မကွေး ၂၆ စက်တင်ဘာ 

 

LED လမ်းမီးတပ်ဆင်ခြင်းလုပ်ငန်းကို မကွေးမြို့၌ လတ်တလောလုပ်ဆောင်လျက်ရှိပြီး မြို့တွင်းလမ်း (၂၃) လမ်း နှင့် လမ်းဆုံအဝိုင်းပတ်များ၊ တြိဂံနေရာများတွင် 100W နှင့် 150W LED Street Light လမ်းမီးလုံးရေ ၁၁၁၂ လုံး တပ်ဆင်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။ 

 

မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းအပ်နှံပြီး ဦးဇေယျာလင်း (Supremacy Company Limited) မှ လက်ခံဆောင်ရွက်သည့် အဆိုပါလုပ်ငန်းအတွက် လုပ်ငန်းသဘောတူ စာချုပ်ကို သြဂုတ်လက ချုပ်ဆိုခဲ့ပြီးနောက်  စက်တင်ဘာ ၂၃ ရက်က လျှပ်စစ်ပစ္စည်းများ၏ အရည်အသွေး ကို မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာနှင့် စည်ပင်ကော်မတီ တာဝန်ရှိသူများ က စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြသည်။ 

 

 “ လျှပ်စစ်ပစ္စည်းတန်ဖိုးက သိန်း(၁၈၀ဝ) ၊ လုပ်ငန်းတန်ဖိုး (တပ်ဆင်ခ) က သိန်း (၁၇၀) ပါ။ မကွေးမြို့ရဲ့ လိုအပ်ချက်ရှိနေတဲ့ နေရာတွေမှာ စိတ်အေးချမ်းသာစွာ သွားလာနိုင်ဖို့ တိုင်းအစိုးရရဲ့ဘတ်ဂျက်နဲ့ လုပ်ဆောင်နေခြင်းဖြစ်ပါတယ် ” ဟု မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်မြတ် က ပြောသည်။ 

 

လမ်း (၂၃) လမ်း၊ မီးတိုင် ၁၀၈၃ တိုင်၌ မီးလုံးများတပ်ဆင်ရာတွင် 150W LED Street Light လမ်းမီး ၇၇၅လုံး၊ 100W LED Street Light လမ်းမီး(၃၀၈)လုံး  ၊ လမ်းလယ်အဝိုင်း(၃)ခု နှင့် တြိဂံ တစ်ခုတို့၌ 150W LED Street Light လမ်းမီး ၂၉လုံး ၊  စုစုပေါင်း LED မီးလုံး ၁၁၁၂လုံး တပ်ဆင်သွားမည်ဖြစ်ပြီး လိုအပ်နေသော တိုင်(၁၀)လုံး နှင့် ABC ကေဘယ်ကြိုးများ ကိုလည်း ဖြည့်ဆည်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ သိရှိရသည်။

 

ဇေယျတု(မကွေး)