မကွေး၊ ၂၂ ဇွန်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေက ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၃၁၀ ဒသမ ၈၂ သန်းဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ပိုင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး၏ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
“မကွေးမြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၂၁၆ ရွာရှိပါတယ်။ ယခုဘဏ္ဍာရေးနှစ်မှာတော့ မြို့နယ်အတွင်းမှာတော့ နှစ်စဉ်လိုလို သောက်သုံး ရေရှားပါးလို့ ရေပေးဝေခဲ့ရတာတွေနဲ့ ယခင်နှစ်ကရေပေးဝေခဲ့ရတဲ့ ကျေးရွာတွေနဲ့ အခြားရေရှားပါး ပြတ်လပ်နိုင်တဲ့ ကျေးရွာ တွေဖြစ်တဲ့ ကျေးရွာ ၂၀ ကို ဦးစားပေးကာ စက်ရေတွင်း ရှစ်တွင်းတူးဖော်ခြင်း၊ မြေသားရေကန် ခြောက်ကန်တိုးချဲ့တူးဖော်ခြင်း၊ ရေမြှုပ်ပန့် တပ်ဆင်ခြင်းလုပ်ငန်းသုံးခု၊ ဂါလန်(၂၄၀၀)ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း လုပ်ငန်းကိုးခု၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် ခြောက် ကန် တည်ဆောက်ခြင်းလုပ်ငန်းတစ်ခုနှင့် အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေ ရှိ ရေစက်ရုံကိုးခုတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရရန်ပုံငွေကျပ် ၃၁၀ ဒသမ ၈၂ သန်း ဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီမှ စတင် ဆောင်ရွက်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ရေရရှိရေးလုပ်ငန်း အားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်တယ်” လို့ မကွေး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြောပြသည်။
အဆိုပါ ရေပေးရေးလုပ်ငန်းများအားလုံး ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ၂၀ ရှိ အိမ်ခြေ(၄၀၁၂)၊ လူဦးရေ (၁၇၉၇၂)ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေများ ဖူလုံစွာရရှိတော့မှာဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


