မိုင်းရယ် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ခိုဆိုင်းကျေးရွာအုပ်စု၊ ရှန်တော်ကျေးရွာရှိ သံတောင်ဉီးကုမ္ပဏီပိုင် ရှန်တော်သကြားစက်ရုံအတွင်းတွင် စက်ရုံပိုင် အောက်စီဂျင် စက်ရုံသည် ယမန်နေ့ ညနေပိုင်းကစတင်ပြီး လည်ပတ်လျက်ရှိသည်။
ရှန်တော်သကြားစက်ရုံအတွင်းတွင် အောက်စီဂျင် စက်ရုံသည် တစ်နာရီလျှင် အောက်စီဂျင် ၄၀ လီတာအိုး (၁၀)လုံး ဖြည့်သွင်းနိုင်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အောက်စီဂျင်လိုအပ်သည့် ကျန်းမာရေး ဌာန၊ ပရဟိတအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များအား အခမဲ့ထည့်သွင်း ပေးသွားမည်ဖြစ်ပြီး အခြားပုဂ္ဂလိက လိုအပ်သူများကိုလည်း သက်သာသည့် နှုန်းထားဖြင့် အောက်စီဂျင် ထည့်သွင်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအောက်စီဂျင် Plant စက် စတင်လည်ပတ်နေမှုအား မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွွဲ့ ဉက္ကဌဦးစိုးမင်းအောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ပြီး မိုင်းရယ်မြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် လူနာများအတွက် အားထားစရာဖြစ်လာမည်ဖြစ်၍ မြို့နယ်အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
မိုင်းရယ်မြို့နယ်အနေဖြင့် စက်တင်ဘာ ၁၄ ရက်နေ့ထိကိုဗစ်-၁၉ အတည်ပြုလူနာ (၁၉၇)ဦး၊ ဆေးရုံမှဆင်းခွင့်ရရှိသူ (၁၇၆)ဦး၊ သေဆုံးလူနာ(၃)ဦးနှင့် ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသူ (၁၈)ဦးရှိကြောင်း သိရှိရသည်။
မိုင်းရယ်(ပြန်/ဆက်)