မိုင်းဖြတ်၊ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို မိုင်းဖြတ်မြို့၊ မြန်မာ့စာတိုက်လုပ်ငန်း၌ ရုံးချိန်အတွင်း လာရောက်လျှာက်ထားနိုင်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်းများထုတ်ယူရာတွင် အောင်လက်မှတ် (၁)စောင်လျှင် ၁၆၀၀ ကျပ်၊ အမှတ်စာရင်း (၁)စောင်လျှင် ၁၀၀၀ ကျပ်နှင့် အောင်လက်မှတ်နှင့် အမှတ်စာရင်း ၂ စောင်ထုတ်ယူပါက ၂၀၀၀ ကျပ်သာ ကျသင့်မှာဖြစ်သည်။ လာရောက်လျှောက်ထားရာတွင် (၁ ဒသမ ၅ လက်မ၊ ၂ လက်မ)အရွယ် ဓာတ်ပုံ(၃)ပုံနှင့်အတူ ကျောင်းသား/ကျောင်းသူများ၏ အမည်၊ ခုံအမှတ်၊ အောင်မြင်သည့် ခုနှစ်၊ စာစစ်ဌာနအမည်၊ ဖြေဆိုခဲ့သည့် ဘာသာရပ်များအပြင် အခြားသတ်မှတ်ထားသည့် ဖောင်ပုံစံအတိုင်းဖြည့်စွက်ကာ လာရောက်လျှောက်ထားနိုင်ကြောင်း မိုင်းဖြတ်စာတိုက်မှ သိရသည်။
မြန်မာနိုင်ငံစာစစ်ဌာနက ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို ယခင်နှစ်များကဲ့သို့ လူကိုယ်တိုင်လာရောက် လျှောက်ထားထုတ်ယူခွင့်မပြုဘဲ ကမ္ဘာကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ယခုလို မြန်မာ့စာတိုက်လုပ်ငန်းမှ စာတိုက်များတွင် ထုတ်ယူခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။
ရွှေကို(မိုင်းဖြတ်)


