မိုးကုတ်မြို့နယ်၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ဖွင့်ပွဲကျင်းပ

မိုးကုတ် ၂၃  ဩဂုတ် 


ပြည်သူများအနေဖြင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုစိတ်ဝင်စားကာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ မြို့နယ်အဆင့် မိခင်နို့တိုက်ကျွေးရေးနှင့် လူထုလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက ကျန်းမာရေးနှင့် ပတ်သက်သည့် အသိဗဟုသုတနှင့် ချင့်ချိန်လိုက်နာရန်လိုအပ်ကြောင်း အာဟာရဖွံ့ဖြိုးမှသာ လူသားအရင်းအမြစ်ကို ပိုမိုကောင်းမွန်စေကြောင်း ပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာထွန်းလင်းကျော်က ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်မှစ၍ အရေးကြီးကြောင်း၊ မိမိကိုယ်မိမိစောင့်ရှောက်ရန်လိုအပ်ကြောင်း၊ ကျန်းမာသန်စွမ်းဉာဏ်ရည်ပြည့်ဝရေးအတွက် အာဟာရမျှတရန်အရေးကြီးကြောင်း အသီးသီးပြောကြားခဲ့ကြသည်။ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သမားတော်ဒေါက်တာယုမောင်တို့က စံပြမိခင်ဆုများ ချီးမြှင့်ခဲ့ကြပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ညွန့်ညွန့်ဝေနှင့်တာဝန်ရှိသူများက (၅)နှစ်အောက်ကလေးများကို ဆေးတိုက်ကျွေးခြင်း၊ပျိုဖော်ဝင်ကျောင်းသူများကို သံဓာတ်အားတိုးဆေးတိုက်ကျွေးခြင်းနှင့် နို့တိုက်မိခင်နှင့်ကိုယ်ဝန်ဆောင်များကို အာဟာရဖြည့်စွက်ဆေးနှင့် အစားအစာများ ပေးအပ်ခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးကော်မတီမှတာဝန်ရှိသူများ၊ကျောင်းသူများ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


ဖြိုးမမ(မိုးကုတ်)