မိုးကောင်းမြို့နယ်နိမိတ်အတွင်း ဖြတ်သန်းသွားလာသူများကို ဂိတ်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်

မိုးကောင်း ၁၁  မေ

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နိမိတ်အတွင်း ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များနှင့် ခရီးသွာပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်နိုင်ရန် ယနေ့နံနက် ၆ နာရီမှစ၍ ဂိတ်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် မိုးကောင်းမြို့နယ်နိမိတ်အတွင်း ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များနှင့် ခရီးသွား ပြည်သူများအား ကျန်းမာရေးစစ်ဆေးနိုင်ရန် မန္တလေးဘက်မှ မိုးကောင်းမြို့အဝင်ဖြစ်သည့် မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နန်းခွင်ကျေးရွာတွင် ယနေ့မှစ၍ နေ့စဉ်နံနက် ၆ နာရီမှ ည ၆ နာရီအထိ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက " မြို့ရဲ့တောင်ဘက်မှာက (၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်ရှိနေတော့ မြောက်ဘက်ကဝင်ပေါက်ဖြစ်တဲ့ နန်းခွင် ကျေးရွာမှာ ဂိတ်ဖွင့်လိုက်တာပါ၊ မြို့နယ်အတွင်းဖြတ်သန်းသွားလာနေတဲ့ ရပ်ဝေးခရီးသည်တွေ၊ ရောဂါဖြစ်ပွားရာနေရာက ပြန်လာခဲ့သူတွေကို ထိန်းချုပ်နိုင်ရန်နဲ့ ထိုင်းကနေပြန်လာမယ့်သူတွေကို စနစ်တကျထိန်းချုပ်နိုင်ဖို့ပါ၊ ကိုယ်ပူချိန်တိုင်းလို့ အပူချိန်မြင့်တက်သူပါလာခဲ့ရင် တစ်ခြားခရီးသည်တွေနဲ့ ရောယှက်မှုမရှိစေပဲ သီးသန့်ပို့ဆောင်ပေးဖို့တွေလည်း စီစဉ်ထားပါတယ်" ဟု ပြောသည်။

 

ထို့အတူ မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပိုင်းတွင် အမှတ်(၄၂/၄၁)အစုန်အဆန် ရထားတစ်စင်းသာ နေ့စဉ်ပြေးဆွဲလျက်ရှိပြီး မိုးကောင်းမြို့နယ်၏ ပြင်ပမှလာရောက်သူများမှာ သတ်မှတ်ထားသည့် Facility Quarantine Centre များတွင် မိမိစားရိတ်မိမိအကုန်ကျခံကာ စောင့်ကြည့်ခံ ၂၁ ရက် ဝင်ရောက်ရမည်ဖြစ်ပြီး နေရပ်သို့ပြန်လိုပါက ဘူတာမှတစ်ခြားနေရာသို့သွားခွင့်မရှိပဲ စောင့်ကြည့်စင်တာတွင် တစ်ညအိပ်ပြီးမှသာ နောက်ရက်တွင်မီးရထားဖြင့် ပြန်လည်စီးနင်းလိုက်ပါရမည်ဖြစ်သည်။

 

ဝင်းနိုင်(ကချင်မြေ)