မျိုးစေ့ထုတ် သမဝါယမစိုက်ခင်းတွင် မျိုးသန့်စပါးများ စတင်ရိတ်သိမ်း

ဂန့်ဂေါ ၁၉ ဒီဇင်ဘာ

 

ဂန့်ဂေါမြို့နယ်၊ ရွှေဘိုကျေးရွာ၊ ယောအားမာန်မျိုးစေ့ထုတ်လုပ်သူများ သမဝါယမအသင်း လီမိတက်က အသင်းပိုင် လယ်မြေ ဧက ၅၀ တွင် စိုက်ပျိုးထားသည့် ဆင်းသုခ မျိုးသန့်စပါးများ ယနေ့တွင် စတင် ရိတ်သိမ်းနေပြီဖြစ်ကြောင်း မြို့နယ်သမဝါယမ ဦးစီးဌာနမှ သိရသည်။

 

တောင်သူများ လိုအပ်သည့် မျိုးစေ့များကို ဒေသတွင် သင့်တင့်သည့် ဈေးနှုန်းဖြင့် ရရှိနိုင်ရန် မျိုးစေ့ထုတ်လုပ်ငန်းကို ၂၀၁၆ ခုနှစ်ကတည်းက တောင်သူ ၁၁ ဦးဖြင့် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် သမဝါယမအသင်း လီမိတက်အဖြစ် မှတ်ပုံတင်ခဲ့ကြောင်း၊ ယခုအခါ စိုက်ပျိုးရေး ဦးစီးဌာနမှ မျိုးစေ့လုပ်ငန်းလိုင်စင်လည်း ရရှိပြီးဖြစ်ကြောင်း အသင်းလီမိတက် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဦးတင်လှ ပြောပြချက်အရ သိရသည်။

 

အဆိုပါ မျိုးစေ့ထုတ်လုပ်ငန်းအတွက် စပါးရိတ်သိမ်းရာတွင် အပင်ပွားချိန်၊ ပန်းပွင့်ချိန်နှင့် အနှံရင့်မှည့်ချိန် သုံးကြိမ် မျိုးကွဲနှုတ်ပယ်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များက ကွင်းဆင်း စစ်ဆေးကာ မျိုးကွဲနှင့် ဆန်နီပေါင်းမြက်နှံများ ကင်းစင်ကြောင်း စစ်ဆေးတွေ့ရှိရမှသာ ရိတ်သိမ်း ကြရကြောင်းနှင့် ရရှိလာသော မျိုးစပါး နမူနာများကိုလည်း စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဓါတ်ခွဲခန်းသို့ ပေးပို့ အစစ်ဆေးခံရသေးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်ဇော်က ပြောကြားသည်။

 

တောင်သားမောင်သန်း