မိတ္ထီလာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

မိတ္ထီလာ စက်တင်ဘာ ၁၅

        

မိတ္ထီလာမြို့တွင် မြို့ပေါ်ရပ်ကွက်များမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် အသက်(၆၅)နှစ်နှင့် အထက်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား  စက်တင်ဘာ ၁၅ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ အဆိုပါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

      

“မိတ္ထီလာမြို့ပေါ်ရပ်ကွက်များဖြစ်တဲ့ အောင်ဆန်း၊ ဝန်ဇင်း၊ ကျီတော်ကုန်း၊ ချည်စက်၊ အောင်ဇေယျာ ၊ ပေါက်ချောင်း ၊ အရှေ့ပြင်ဈေး ၊ သီရိမင်္ဂလာ၊ ပြည်သာယာ(တ)၊ ပြည်သာယာ(မ)၊ ရန်မျိုးအောင်၊ ရတနာ မာရ်အောင်၊ မြို့မ၊ ဝန်ဇင်းရပ်ကွက်များမှ  အသက် ၆၅ နှစ်နှင့်အထက် ရှိသူများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထအကြိမ် ထိုးပြီးခဲ့တာရှိပါတယ်။ အခုတစ်ကြိမ်က အဲဒီ ပထမအကြိမ် ထိုးနှံပေးပြီးသူများကို ဒုတိယအကြိမ် ထိုးနှံပေးတာဖြစ်ပါတယ်။ စက်တင် ဘာလ ၁၅ ရက်နေ့ကနေ စက်တင်ဘာလ ၁၇ ရက်နေ့အထိ ထိုးနှံပေးသွားမှာဖြစ်ပါတယ်” ဟု မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

      

မိတ္ထီလာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း အစီအစဉ်များကို ဦးစားပေးအစီအစဉ်အလိုက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းများကို  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

 

၎င်းအပြင် ဦးစားပေးအစီအစဉ်အရ မြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်နှင့်အထက်ရှိသူများနှင့် မသန်စွမ်း သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ချမ်းသာ ( မိတ္ထီလာ )