မိတ္ထီလာ  ၂၈   စက်တင်ဘာ 


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဂွေ့အိုင်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၈ နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ ဂွေ့အိုင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း ဆိုင်းဘုတ်သစ်အား ကျောင်းအကျိုးဆောင် နာယကဆရာတော်ဘဒ္ဒန္တ  တေဇာဂရ ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း ၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဌေးဦး၊ခရိုင်ပညာရေးမှူး ဒေါက်တာသန္တာဆွေနှင့်မြို့နယ် အုပ်ချုပ်ရေးမှူးဦးချမ်းငြိမ်းအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။


ဆက်လက်၍ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုးသန်းက အမှာစကားပြောကြားပြီး ပညာရေးဆိုင်ရာများအကြောင်းကို ခရိုင်ပညာရေးမှူး ဒေါက်တာသန္တာဆွေက ရှင်းလင်းပြောကြားသည်။

 ထိုနောက် ကျောင်းအကျိုးဆောင်ကော်မတီ မှ ဦးချစ်မွှေးနှင့် တာဝန်ရှိသူများက ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အလံများကို တက်ရောက်လာကြသည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ ပေးအပ်ပြီး ကျောင်းအကျိုးဆောင်ကော်မတီ မှ ဦးချစ်အေး က ကျေးဇူးတင်စကား ပြောကြားသည်။


အဆိုပါကျောင်းမှာ ၂၀၁၅ ခုနှစ် ၌ ဂွေ့အိုင်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဆင့်ထိ တိုးမြှင့်ဖွင့်လှစ်ခဲ့ရာမှယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိခြင်းဖြစ်ပြီး ဂွေ့အိုင်ကျေးရွာနှင့် အနီးပတ်ဝန်းရှိကျေးရွာများမှ ကျောင်းသူကျောင်းသား ၅၈၅ ဦးတက်ရောက်ပညာ သင်ယူလျက်ရှိကြောင်း သိရသည်။ 

ချမ်းသာ ( မိတ္ထီလာ)