မိတ္ထီလာကန်ပတ်ဝန်းကျင်တွင် တွေ့မြင်ရခဲသည့် ဒေါင်းလန်းခြေထောက်နှင့် ဆောင်းခိုငှက် တစ်ချို့ ရောက်ရှိနေ

မိတ္ထီလာ  ၁၉  ဒီဇင်ဘာ

 

မိတ္ထီလာကန်ပတ်ဝန်းကျင်တွင် ယခင်နှစ်ကဲ့သို့ ဆောင်းခိုငှက်များ အများအပြား ရောက်ရှိလာခြင်း မရှိသေးသော်လည်း မိတ္ထီလာဒေသ၌ တွေ့မြင်ရခဲသည့် ဒေါင်းလန်းခြေထောက်ငှက်များနှင့် ဆောင်းခိုငှက် တချို့ရောက်ရှိနေကြောင်း ဒေသခံငှက်ဝါသနာရှင်များထံက သိရသည်။

 

မိတ္ထီလာ ကန်ပတ်ဝန်းကျင်မှာ အရင်နှစ်က ဒီဇင်ဘာလဆိုရင် ဆောင်းခိုငှက်တွေ အများအပြား တွေ့ရတယ်။ အထူးသဖြင့်  ပေါက်ချောင်းရပ်ကွက်အနီးက မိတ္ထီလာတောင်ကန် ကန်ပတ်လမ်း ပတ်ဝန်းကျင်မှာ အများအပြား လာရောက်ကြပေမယ့် ဒီနှစ်လာရောက်မှု နည်းပါးသွားတယ်။  ဒီနှစ်ဆောင်းကာလမှာ ထူးခြားတာကတော့ မိတ္ထီလာဒေသဘက်မှာ တွေ့မြင်ရခဲတဲ့  ဒေါင်းလန်း ခြေထောက်ငှက်တွေနဲ ဆောင်းခိုငှက်တစ်ချို့ကို တွေ့ရမြင်ရတယ်။ မိတ္ထီလာကန်ဘက်မှာ ဘယ်တုန်းမှ မတွေ့မြင်ဖူးတဲ့ စင်ရော်ငှက် တစ်ကောင်နှစ်ကောင်ကိုလည်း မကြာခဏတွေ့မြင်ရတယ်။ ဒေါင်းလန်း ခြေထောက်ငှက်တွေကတော့ လက်ရှိမိတ္ထီလာတောင်ကန် ပတ်ဝန်းကျင်မှာပဲ တွေ့မြင်မိသေးတယ် ဟု  နှစ်စဉ်ဆောင်းခိုငှက် လာရောက်ချိန်များတွင် မိတ္ထီလာကန်ပတ်ဝန်းကျင်သို့ လှည့်လည်၍ မှတ်တမ်း ဓါတ်ပုံများ ရိုက်ကူးနေသည့်    ဒေသခံ ငှက်ဝါသနာရှင် ကိုမင်းကျော် က ပြောသည်။

 

မိတ္ထီလာကန်တောင်တွင် ယခင်နှစ်က  ဝမ်းဘဲ ( ဟင်္သာ )၊ စစ္စလီ ၊ ရေကြက်ဒုံ ၊ မယ်ညို၊ ရေကြက် အော်ယာငှက်များ အများအပြား လာရောက်ဆောင်းခိုခဲ့သည်။ ယခုနှစ်တွင် မိတ္ထီလာ တောင်ကန်ဘက်၌ အဆိုပါ ဆောင်းခိုငှက်များကို တွေ့ရနည်းပြီး မိတ္ထီလာမြောက်ကန်အနီးရှိ အုတ်နှဲဘုတ်၊ ကုလားမ ကျွန်းနှင့် အင်းပက်လက်ကျေးရွာများ ပတ်ဝန်းကျင်တွင် ဆောင်းခိုငှက်တစ်ချို့ ကိုတွေ့မြင်နိုင်ကြောင်း သိရသည်။

 

ချမ်းသာ  (မိတ္ထီလာ)