မိတ္ထီလာ ၅ အောက်တိုဘာ
မိတ္ထီလာဓါတ်ပုံအသင်း၏ ပထမဆုံး မော်ဒယ်အလှဓါတ်ပုံပြိုင်ပွဲကို အောက်တိုဘာ ၅ နံနက် ၈ နာရီက မုန်တိုင်ကျေးရွာရှိ ထီလာပုဂံ ရှေးဟောင်းဘုရားဝန်းတွင် ကျင်းပကြောင်း သိရသည်။
မွန်ပြည်နယ် ရေဘေးကယ်ဆယ်ရေးအတွက် ဒေသခံဓါတ်ပုံဆရာတွေဖြစ်တဲ့ ကိုထွန်းလွင် တို့အဖွဲ့က ဓါတ်ပုံပြပွဲပြုလုပ်ပြီး ငွေကျပ်ဆယ်သိန်း အလှူငွေ ရှာဖွေပံ့ပိုးကူညီနိုင်ခဲ့တယ်။ နောင်ဆို မိတ္ထီလာမှာပဲဖြစ်ဖြစ် ဘယ်အရပ်ဘယ်ဒေသမှာပဲဖြစ်ဖြစ် အဲဒီလိုပံ့ပိုးကူညီနိုင်မယ့် မိတ္ထီလာဓါတ်ပုံအသင်း ဖွဲ့ချင်တဲ့ရည်ရွယ်ချက်နဲ့ အခုလို မိတ္ထီလာဓါတ်ပုံအသင်းရဲ့ ပထမဆုံးဓါတ်ပုံပြိုင်ပွဲကို ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။
ဒီမော်ဒယ်ဓါတ်ပုံပြိုင်ပွဲ ပြီးပြီးချင်း မိတ္ထီလာဓါတ်ပုံအသင်းကို ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ မိတ္ထီလာဓါတ်ပုံအသင်းဖွဲ့ပြီးရင် ဒေသအတွင်းမှာ ဓါတ်ပုံပညာပြန့်ပွားရေး ၊ ဓါတ်ပုံပညာနဲ့ အများအတွက် အကျိုးပြုနိုင်ရေးတို့ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံပြိုင်ပွဲ ဖြစ်မြောက်ရေးအဖွဲ့ မှ ဦးမောင်မောင်(ကောင်းသစ်ဓါတ်ပုံ ) က ပြောသည်။
မိတ္ထီလာဓါတ်ပုံအသင်း၏ ပထမဆုံး ဓါတ်ပုံပြိုင်ပွဲတွင် အောင်ကျော်ဇော(မန်းတက္ကသိုလ်) ၏ စီစဉ်မှုဖြင့် မော်ဒယ်သရုပ်ဆောင် အင်ကြင်းဖူး က မေတ္တာဖြင့် သရုပ်ဆောင်ပေးခဲ့ပြီး ဓါတ်ပုံပညာချစ်မြတ်နိုးသူ ဓါတ်ပုံဝါသနာရှင် ပြိုင်ပွဲဝင် ၅၀ ဦး ကျော် ပါဝင်ယှဉ်ပြိုင်ရိုက်ကူးကြသည်။ ပြိုင်ပွဲဝင်ဓါတ်ပုံများ ရိုက်ကူးခြင်းကို မနက်ပိုင်းတွင် မုန်တိုင်ကျေးရွာနှင့် ညနေပိုင်းတွင် မြို့မရပ်ကွက် လွတ်လပ်ရေးပန်းခြံ၌ ပြုလုပ်သည်။
ချမ်းသာ (မိတ္ထီလာ)