မြိတ်  ၂၁ သြဂုတ်  


ပြည်သူများ နေ့စဉ်စားသောက်နေသော အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီက မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စားသောက်ဆိုင်များ၊ လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခဲ့သည်။


အသိပညာပေးဆွေးနွေးပွဲတွင် ပြည်သူများ စားသုံးရန်နှင့် သုံးစွဲရန်မသင့်သည့် ခွင့်မပြုဓာတုဆိုးဆေးသုံး အစားအစာများ၊ အစားအသောက်များတွင် သုံးစွဲခွင့်မပြု ဓာတုတာရှည်ခံဆေးများအကြောင်း၊ အစားအသောက် ပြင်ဆင်ချက်ပြုတ်သည့်နေရာတွင် လိုက်နာရမည့်အချက်များ၊ မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ်ကြည့်ရှုနည်း၊ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်အမှတ်ကြည့်ရှုနည်း၊ သက်တမ်းလွန် ဆေးဝါးများ၊ ဆေးပစ္စည်းများ၊ အစားအသောက်များ၊ လူသုံးကုန်များ၊  အစားအသောက်အမှတ်တံဆိပ် ကိုက်ညီမှုမရှိသော အစားအသောက်များ၊ မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ပညာပေးမှုနှင့် စစ်ဆေးဆောင်ရွက်မှုများ၊ စားသုံးသူကာကွယ်ပေးရေး ဥပဒေများအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးကြသည်။


အသိပညာပေးဆွေးနွေးရာ၌ မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလွင်လွင်မွန်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်မေသန်းနိုင်၊ ဒုကြီးကြပ်ရေးမှူး (အစားအသောက်) ဒေါ်ချိုဇင်သူ၊ ဒုကြီးကြပ်ရေးမှူး (အစားအသောက်) ဦးဇော်ဝင်းမောင်၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းတို့က စားသောက်ဆိုင်၊ ငါးပိလုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ မုန်တီတိုက်လုပ်ငန်းပိုင်ရှင်များအား ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။ 


ဆက်လက်ပြီး ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်အကြောင်းကို သြဂုတ် ၂၂ ရက်၌ ဆေးဝါးအရောင်းဆိုင် ပိုင်ရှင်များအား မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အသိပညာပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။


ခိုင်ထူး (မြိတ် ပြန်/ဆက်)