မြိတ် ဇူလိုင် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ခုံမော်နောက်ကမ်းကျေးရွာနှင့် မော်ကြီးကျေးရွာချင်းဆက်မြေသား လမ်းမှာမိုးရာသီးတွင် လမ်းများဆိုးရွားစွာ ပျက်စီးနေသောကြောင့် ဒေသခံပြည်သူများ သွားလာရေးတွင် အခက်အခဲများကြုံတွေ့နေရကြောင်း အဆိုပါကျေးရွာရှိ ဒေသခံများထံမှ သိရသည်။
မြိတ်မြို့နှင့် ၂၆ မိုင်ကျော်ခန့် အကွာအဝေးတွင်ရှိသော မြိတ်- တနင်္သာရီ ပြည်ထောင်စုကားလမ်းမကြီး နံဘေး မဇောကျေးရွာအုပ်စု၊ ခုံမော်ရှေ့မှ ခုံမော်နောက်ကမ်းကျေးရွာနှင့်မော်ကြီးကျေး ရွာသို့ဆက်သွယ် ဖောက်လုပ်ထားသောကျေးရွာချင်းဆက်နှစ်မိုင်ကျော်ခန့်ရှိမြေသားလမ်းမှာမိုးရာသီတွင်ဆိုးရွားစွာပျက်စီးနေသည့်အတွက်ရွာသူ၊ ရွာသားများသွားရေးလာရေး၌ အခက်အခဲများစွာ ဖြစ်ပေါ်ကြုံတွေ့နေရကြောင်း ခုံမော်နောက်ကမ်းကျေးရွာသူ၊ ကျေးရွာသားများထံမှ သိရသည်။
ခုံမော်နောက်ကမ်းနှင့် မော်ကြီးကျေးရွာချင်းဆက် မြေသားလမ်းပျက်စီးနေခြင်းကြောင့် မိုးရာသီအချိန်တွင် သွားရေးလာရေးပိုမိုအခက်အခဲများ ကြုံတွေ့နေရသည်အတွက် အဆိုပါကျေးရွာနေသူများ၏ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးစသည့်ကဏ္ဍများတွင်လည်း များစွာအခက်အခဲကြုံ တွေ့နေရကြောင်း သိရသည်။
ထို့အပြင် ခုံမော်နောက်ကမ်းကျေးရွာချင်းဆက် မြေသားလမ်းသည် မော်ကြီးကျေးရွာမှတစ်ဆင့် တစ်ဖက်ကမ်းရှိ ကျေးရွာများရှိဒေသခံပြည်သူများလည်း အသုံးပြုသွားလာနေသည့် ကျေးရွာချင်းဆက် အဓိကလမ်းတစ်ခုဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ဒီနားဝန်းကျင်က ရွာသူရွာသားတွေကဒီလမ်းကိုအားထားပြီး အသုံးပြု သွားလာနေရတာပါ။ မိုးရာသီဆိုပိုဆိုးပါတယ်။ ဒီလမ်းက မကောင်းတော့ မြို့ပေါ်သွားဖို့ အရမ်းအခက်အခဲ ကြုံရတယ်။ ကျောင်းသား၊ ကျောင်းသူတွေ့၊ နေမကောင်းလို့ဆေးရုံ၊ ဆေးခန်းသွားပြရင် အရမ်းအခက်အခဲကြုံတွေ့ရပါတယ်။ အရေးပေါ်လူနာဆိုရင်လူနာတင်ယာဉ်လမ်းမှာ ဂျိုင့်ခွက်တွေ၊ ဗွက်တွေ၊ ရေအိုင်တွေကြောင့်ကားဝင်လို့မရဘူး။ တစ်ခုခုဖြစ်ရင်အသက်မဆုံးသင့်ဘဲ ဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင်ဒီလမ်းကြီးကိုအမြန်ပြုပြင်ပေးစေချင်ပါတယ်" ဟု ခုံမော်နောက်ကမ်းကျေးရွာနေသူ ကိုမျိုးဦးက ပြောပြသည်။
ထိုကြောင့်ခုံမော်နောက်ကမ်းကျေးရွာ၊ မော်ကြီးကျေးရွာနှင့် မြစ်တစ်ဖက်ကမ်းအနီးစပ်ဆုံး ဖြစ်သည့် ကျွန်းစုမြို့နယ်အတွင်းရှိ ပြင်ဝန်း၊ ရတောင်၊ သပြေပင်၊ ဝါရစ်၊ မင်ဂုဏ် စသည့်ကျေးရွာများ ဒေသခံပြည်သူများကလည်း မြစ်အတွင်းမှ လှေဖြင့်ကူးကာ အဆိုပါလမ်းမကြီးအား အသုံးပြုသွားလာနေသောကြောင့် ရာသီမရွေး သွားလာနိုင်စေရန်အတွက် ယင်းကျေးရွာချင်းဆက် လမ်းမကြီးအား ကွန်ကရစ်လမ်းမကြီး အဖြစ်ပြုပြင်ဆောင်ရွက်ပေးစေလိုကြောင်း အဆိုပါ ကျေးရွာသူကျေးရွာသားများ၏ ပြောပြချက်အရသိရသည်။
မြင့်ဦး(မြိတ်)


