မြိတ်မြို့နယ်၌ ယခုနှစ်ရော်ဘာလုပ်ငန်းများ စတင်ချိန် ရာသီအဖွင့်တွင် ဈေးကောင်းရရှိ

မြိတ် အောက်တိုဘာ ၂၀  

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၌ ယခုနှစ်ရော်ဘာလုပ်ငန်းများစတင်ချိန် ရာသီအဖွင့်တွင် ယခင်နှစ်ကထက်ပို၍ ဈေးကောင်းရနေသောကြောင့် ရော်ဘာစိုက်ခြံရှင် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း မြိတ်မြို့နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။  

“ဒီနှစ် ရော်ဘာဈေးကတော့ လုပ်ငန်းစတင်ချိန် ရာသီအဖွင့်မှာတင် ဈေးပိုကောင်းနေတယ်။ အခု လက်ရှိရော်ဘာအစေးရည်နှင့် ရော်ဘာမှိုင်းခံအပြားတစ်ပိဿာကို ငွေ ကျပ် ၃၇၀၀ ဈေးပေါက်နေတယ်။ မနှစ်က ရော်ဘာလုပ်ငန်းရာသီအစနှင့် ရာသီနှောင်းပိုင်း‌တွေမှာပါ ဒီလောက်ဈေးမကောင်းဘူး။ ယခုရော်ဘာ ဈေးနှုန်းလောက်ဆို မဆိုးဘူး။ ကျွန်တော်တို့ ရော်ဘော်ထုတ်လုပ်ရောင်းချသူ ခြံရှင်‌တွေအတွက်ကတော့ ဈေးနှုန်းကောင်းရရှိဖို့ပဲ မျှော်လင့်နေရတာပါ။ ဒါမှလည်း အဆင်ပြေကြမှာပါ” ဟု သဘွတ်ကျေးရွာမှ ရော်ဘာ စိုက်ပျိုးထုတ်လုပ်ရောင်းချနေသူ ကိုချစ်ကိုကိုက ပြောသည်။  

မြိတ်‌မြို့နယ်တွင် ရော်ဘာလုပ်ငန်းများကို အများအားဖြင့် စက်တင်ဘာလ အစပိုင်းတွင် စတင်လုပ်ကိုင်ကြပြီး မေလကုန်ပိုင်းလောက်အထိ ရော်ဘာအစေးခြစ် (အစေးလှီး)ခြင်း၊ အစေးခံခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်ကြကာ ရော်ဘာအစေးရည်များကို အစေးရည် သီးသန့်အဖြစ် ရောင်းချသူများနှင့် ရော်ဘာအပြား၊ ရော်ဘာအစေးခဲ စသဖြင့် အမျိုးမျိုး ထုတ်လုပ်ရောင်း ချကြပြီးမြိတ်မြို့နယ်အတွင်းရှိ ရော်ဘာ ရောင်းဝယ်ရေးကုမ္ပဏီများနှင့် ပုလောမြို့နယ်တို့မှ ရော်ဘာအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း ရော်ဘာထုတ်လုပ်ရောင်းချသူခြံပိုင်ရှင်များထံမှ သိရသည်။  

" အခုကမိုးကောင်းနေလို့ ရော်ဘာလုပ်ငန်းရှင်အများစုက ခဏရပ်နေရပြီး တချို့မိုးကာစနစ်ဖြင့် အသုံးပြုနေတဲ့ လုပ်ငန်းရှင်တချို့သာ လက်ရှိထုတ်လုပ်ရောင်းချနေရပါတယ်" ဟု သဘွတ်ကျေးရွာမှခြံငယ်ပိုင်ရှင်ကိုဝင်းမောင်က ပြောသည်။  

မြိတ်မြို့နယ်အတွင်း၌ ရော်ဘာစိုက်ပျိုးသည့် ကျေးရွာများမှာ စန္ဒဝတ်၊ ရွှေဒူး၊ သာရမဲ၊ မဇော၊ ခုံမော်၊ ဇဝဲငယ်၊ တုံဗျောကြီး၊ တုံဗျောငယ်၊ ပပြင်၊ အလယ်ချောင်း၊ ကျောက်ဖြူ၊ ဒွန်း၊ သ မုတ်၊ လော့လော့၊ ကဘင်း၊ သဘွတ်၊ ဝန်မယ်၊ ပင်းအို၊ လက်ခုတ်တောင်၊ ငါးအင်း၊ ပသွေး၊ ပတောက်၊ ပနို၊ နန်းတော်ရာ၊ ဆလင်၊ တပ်တောင်၊ ပဆွတ်၊ မရမ်းပင်ချောင်းစသည့် ကျေးရွာများတွင် စိုက်ပျိုးထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။  

မြင့်ဉီး(မြိတ်)