ဒေါက်တာမောင်သင်း
အပင်သည် ကျွန်ုပ်တို့အား
အစားအစာ၊ အမိုး၊ အကာ၊ အိုးအိမ်၊ အသုံးအဆောင်နှင့်
အဝတ်အထည်ကိုပေး၏။
အသီး၊ အရွက်၊ အမြစ်၊ အခေါက်၊ သစ်ဥတို့အား
ဆေးဝါးအဖြစ်လည်း သုံးခွင့်ပြုပြန်သေးသည်။
ထို့အပြင်
မိမိအား ခုတ်၊ လှဲ၊ သတ်၊ မီးရှို့ဖျက်ဆီးခဲ့လျှင်လည်း
ရန်တုံ့မူခြင်း အလျှင်းမရှိ
သည်းခံတရားအား ကျွန်ုပ်တို့ကို ပေးပြန်သည်။
ဤသည်ကား
အပင်များ၏ ကျွန်ုပ်တို့အပေါ်တွင် ထားရှိသည့်
ကြီးမားမွန်မြတ်သော ကျေးဇူးတရားပေတည်း။
(မြတ်ဗုဒ္ဓ)
လူသားတွေ ဘာကြောင့်သစ်ပင်စိုက်ပျိုးသင့်ပါသလဲ
၁၃-၆-၂၀၂၆ ရက်နေ့က နိုင်ငံတော်သမ္မတကြီး ဦးဆောင်ပြီး တစ်နိုင်ငံလုံးတွင် ပထမအကြိမ်အဖြစ် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း သစ်ပင်ပေါင်း ၈၀၅၂၀ ကို စိုက်ပျိုးခဲ့ပါသည်။ ဒုတိယအကြိမ်အဖြစ် ၂၅-၆-၂၀၂၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီးကပင် ဦးဆောင် ကျင်းပကာ သစ်ပင် ၃၀၀၀ ကို နေပြည်တော်၌ စိုက်ပျိုးခဲ့ပါသည်။ ယခုနှစ်တွင် သစ်ပင်ပေါင်း ၂၁ ဒသမ ၃၆ သန်းကို ရှင်သန်အောင် စိုက်ပျိုးသွားမည်ဖြစ်ပြီး နှစ်စဉ်တိုးတက်စိုက်ပျိုး၍ နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းကျော် သစ်တောဖုံးလွှမ်းစေရန် ရည်မှန်းချက်ထားရှိပါသည်။ အဆိုပါရည်မှန်းချက် အောင်မြင်ရန်အတွက် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့”ဟူသည့် မူဝါဒဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
လူသားတွေ ဘာကြောင့် သစ်ပင်စိုက်ရပါသလဲ။ အကြမ်းဖျင်း ဖြေဆိုရလျှင် သာယာဖို့၊ အသက်ရှင်ဖို့၊ ကျန်းမာသက်ရှည်ဖို့၊ စားရေရိက္ခာဖူလုံဖို့၊ သဘာဝဘေးတွေကင်းဝေးဖို့ စသည်ဖြင့် အားလုံး ရေရှည်ကောင်းကျိုးခံစားရဖို့ပါ။ ကမ္ဘာနှင့်ချီပြောရလျှင် ကမ္ဘာကြီးကို ကယ်တင်ဖို့ပါ။ ဂြိုဟ်ကြီးရှစ်လုံးတွင် ကမ္ဘာဂြိုဟ်သည် တစ်ခုတည်းသော အစိမ်းရောင်ဂြိုဟ် (Green Planet) ပါ။ ပြီးတော့ သက်ရှိများ ရှင်သန်နိုင်သည့်ဂြိုဟ်လည်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သက်ရှိများ ရှင်သန်နိုင်သည့် သင့်တင့်မျှတသည့် အပူချိန်ရှိလို့ပါ။ ပူလွန်းခြင်း၊ အေးလွန်းခြင်းကင်းလို့ပါပဲ။ ထိုသို့ သက်ရှိများနေထိုင်အသက်ရှင်နိုင်သည့်အပူချိန် (Life Zone Temperature) ဖြစ်အောင် နှင့် အစိမ်းရောင်ဂြိုဟ်ဖြစ်အောင် ဖန်တီးပေးထားခြင်းက အပင်များ ဖြစ်ပါသည်။ အပင်ရှိ၍ အစိမ်းရောင်ကမ္ဘာ၊ အပင်ရှိ၍ လူနှင့်သက်ရှိများ ရှင်သန်နိုင်ကြသည်မို့ အမြော်အမြင်ကြီးသည့် နိုင်ငံ့အကြီးအကဲက ဦးဆောင်ပြီး မြန်မာနိုင်ငံသားများနှင့် သက်ရှိများ ဆက်လက်ရှင်သန်ရေး မြော်တွေးပြီး သစ်ပင်စိုက်နေကြခြင်းဖြစ်သည်။
ဗုဒ္ဓမြင်သည့် အပင်တို့၏ကျေးဇူးတရား
ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သော ကျေးဇူးတရားများသည် လူသားများအပေါ် အပင်များ၏ ကျေးဇူးတရားကြီးမားပုံကို မြတ်စွာဘုရားကိုယ်တော်တိုင် ချီးကျူးထားသည့် စကားရပ်လေးပါ။ အိန္ဒိယ နိုင်ငံ ကာလကတ္တားမြို့၏ တစ်ဖက်ကမ်း ဂင်္ဂါမြစ်လက်တက်ကလေး၏ ဘေးတွင်တည်ရှိသော ဟောင်ဝါမြို့ကလေးရှိ ကမ္ဘာကျော် Roxburg ရုက္ခဗေဒဥယျာဉ်အတွင်း တည်ထားသည့်ကျောက်စာတိုင်၌ အထက်ပါစာတန်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားသည်ကို တွေ့မြင်နိုင်ပါသည်။
ရုက္ခဗေဒပညာရှင် Roxburg စတင်တည်ထောင်ခဲ့သည့် ဥယျာဉ်ပါ။ ဥယျာဉ်နာမည်က ဟောင်ဝါမြို့လေးဘေး၌ရှိ၍ ဟောင်ဝါဥယျာဉ်ဟုသာ အလွယ်တကူခေါ်ကြပါသည်။ အဆိုပါဥယျာဉ် ကမ္ဘာကျော်ရခြင်းမှာ ညောင်ပင်တစ်ပင်တည်းက ဧကများစွာကျယ်လောက်အောင် အကိုင်းများဖြာပြီး အရိပ်ထိုးနေသည့် Great Banyan ဟု ခေါ်တွင် ရလောက်အောင် ကြီးမားသောညောင်ပင်ကြီး တည်ရှိနေခြင်းကြောင့်ဖြစ်သည်။
အပင်သည် လူအပါအဝင် သက်ရှိအားလုံးကို သက်ရှိသမိုင်းအစမှသည် ယနေ့တိုင်အောင် (နောင်လည်း ထို့အတူ) ဆက်လက်အသက် ရှင်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဖြည့်ဆည်းပေးခဲ့ပါသည်။ ထိုအကြောင်းကို လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က ပွင့်ထွန်းခဲ့သည့် မြတ်စွာဘုရားက ချီးမွမ်းခဲ့ခြင်းပါ။ သူတော်စင်တို့ ချီးမွမ်းခံရရန်မှာ လွယ်ကူသောအလုပ်မဟုတ်ပါ။ လောကသားတို့အတွက် ကိုယ်ကျိုးစွန့်ပေးဆပ်ဖြည့်ဆည်းခဲ့မှုကို စဉ်ဆက်မပြတ် မမှိတ်မသုန် လုပ်ဆောင်ခဲ့လို့ပါ။
မြတ်စွာဘုရားကချီးကျူးသည်ကို ယနေ့သိပ္ပံပညာရှင်များ၏ အမြင်ဖြင့် ချိန်းထိုးကြည့်စေချင်ပါသည်။ အပင်နှင့် သစ်တောများသည် သက်ရှိလောကသားများအတွက် အောက်ပါကောင်းကျိုးများ ဖြစ်ထွန်းစေခဲ့ပါသည်-
(၁) နေစွမ်းအင်ကို သက်ရှိများအသုံးပြုနိုင်သည့်စွမ်းအင်သို့ ပြောင်းလဲပေးခြင်း
ကျွန်ုပ်တို့အပါအဝင် သက်ရှိလောကသားအားလုံး အသက်ရှင်ရေးအတွက် စဉ်ဆက်မပြတ်လိုသည်မှာ စွမ်းအင်ပါ။ ကမ္ဘာမြေပြင်အတွက် စွမ်းအင်ထုတ်ပေးရာဌာနက “သူရိယနေဝန်းကြီး”ပါ။ အဆိုပါ နေရောင်ခြည်မှ အပူစွမ်းအင်ကို ကျွန်တော်တို့လူသားနှင့် အခြားသက်ရှိများ တိုက်ရိုက်သုံးစွဲ၍မရပါ။ သက်ရှိများသုံးနိုင်သည့် စွမ်းအင်ဖြစ်သော ဂလူးကို့စ်သကြားအဖြစ် ပြောင်းလဲရပါသည်။
အဆိုပါ “စွမ်းအင်ပြောင်းလဲခြင်းဖြစ်စဉ်” (Photosynthesis)ကို မည်သည့်သက်ရှိမှ လုပ်နိုင်စွမ်းမရှိပါ။ အပင်တစ်မျိုးတည်းကသာ Photosynthesis ကို လုပ်နိုင်ပါသည်။ အပင်မှ ဂလူးကို့စ်များများပါသော ကစီဓာတ်ကို ကျွန်တော်တို့အပါအဝင် အခြားသက်ရှိများက စားသုံးခြင်းဖြင့် ဂလူးကို့စ်စွမ်းအင်ရရှိပါသည်။ ကစီဓာတ်ကြွယ်ဝသည့်ဆန်ကို ထမင်းချက်၊ ဂျုံကို ပေါင်မုန့်ဖုတ်၊ ပြောင်းဖူး၊ အာလူး၊ ပိန်းဥ၊ ဝဥ နှင့် ကန်စွန်းဥတို့ကို အမျိုးမျိုးသောအစားအစာများ လုပ်စားကြ ခြင်းဖြင့် စွမ်းအင်ပြည့် ဂလူးကို့စ်သကြားကို ရနိုင်ပါသည်။ ကျား၊ ခြင်္သေ့၊ ကျားသစ်၊ ခွေးအတို့လို အသားစားသတ္တဝါများက အပင်ကို စားသုံးသည့် ယုန်၊ သမင်၊ ဒရယ် စသည်တို့ကိုဖမ်းပြီး စားသောက်ကာ ကစီဓာတ်တစ်ဆင့်ခံစွမ်းအင်ကို ရယူပါသည်။ ဖြည့်ထားသည့်စွမ်းအင် သုံးသဖြင့် ကုန်ခန်းသွား၍ ဆက်လက်လိုသည်မို့ ကျွန်တော်တို့ တစ်နေ့လျှင် ထမင်းသုံးနပ် ပျမ်းမျှစားနေကြခြင်းပါ။
အစာမစားနိုင်လျှင် စွမ်းအင်ပြတ်ပြီး သေပါလိမ့်မည်။ သက်ရှိအားလုံး ဆက်လက်အသက်ရှင်ရန် လိုအပ်သည့် ဂလူးကို့စ် စွမ်းအင်ကို အပင်ကသာ နေရောင်ခြည်စွမ်းအင်မှ သက်ရှိများအသုံးပြု နိုင်သည့် စွမ်းအင်အဖြစ် ပြောင်းလဲပေးနေခြင်းပါ။ ကမ္ဘာပေါ်၌ အပင်များသာမရှိတော့လျှင် ကျွန်တော်တို့အပါအဝင် သက်ရှိအားလုံး စွမ်းအင်ပြတ်ပြီးသေသည့် ဘဝရောက်ကြ၊ မျိုးတုံးကြမည်ဖြစ်ပါသည်။ ယနေ့ လူတို့သုံးစွဲနေသော ဆိုလာစွမ်းအင်သည် အပင်များက နေစွမ်းအင်ကို သက်ရှိများ အသုံးပြုနိုင်သည့်စွမ်းအင်သို့ ပြောင်းလဲသည့် ဖြစ်စဉ်နှင့် သဘောသဘာဝအတူတူပင်ဖြစ်ပေသည်။
(၂) သက်ရှိများအတွက် အောက်ဆီဂျင်ထုတ်ပေးခြင်း
ကျွန်တော်တို့သည် သုံးစက္ကန့်လျှင် တစ်ကြိမ်ခန့် ပျမ်းမျှ အသက်ရှူကြရပါသည်။ အသက်ရှူခြင်းမှာ လေထဲမှ အောက်ဆီဂျင်ကိုရှူခြင်းပါ။ ကမ္ဘာဦးအစက လေထုထဲတွင် အောက်ဆီဂျင်လုံးဝမရှိပါ။ အထက် မှာရေးခဲ့သလို အပင်များက နေရောင်ခြည်စွမ်းအင်ကို သက်ရှိများ အသုံးပြုနိုင်သော ဂလူးကို့စ်သကြား ဖွဲ့စည်းသည့်ဖြစ်စဉ်တွင် အောက်ဆီဂျင်ကို လေထဲသို့ ထုတ်လွှတ်ပါသည်။ ထိုအချိန်မှစပြီး လေထုထဲတွင် အောက်ဆီဂျင်ကြွယ်ဝလာပါတော့သည်။ ကမ္ဘာပေါ်ရှိ မည်သည့်သက်ရှိ၊ ဒြပ်စင်၊ ရုပ်ဝတ္ထုကမှ အောက်ဆီဂျင်ကို ထုတ်ပေးနိုင် စွမ်းမရှိပါ။ အပင်ကသာ ထုတ်ပေးနိုင်ခြင်းဖြစ်၍ သုံးစက္ကန့်တိုင်းတစ်ခါ အသက်ရှူပြီး အောက်ဆီဂျင်ကို ရှူနေကြရသည့် ကျွန်တော်တို့သက်ရှိများ၏ ကျေးဇူးရှင်က အပင်သာလျှင်ဖြစ်ပေသည်။ ထို့အတူ ခွေး၊ နွား၊ ကြောင်၊ ဆိတ် စသည့် သက်ရှိများလည်း အသက်ရှူသည်မို့ အပင်များက သက်ရှိအားလုံးအတွက် စက္ကန့်တိုင်းအသက်ရှင်အောင် စွမ်းဆောင်ပေးနေသည့် သက်ရှိဖြစ်ပါသည်။
(၃) မျှတသော ရာသီဥတုဖြစ်ပေါ်စေခြင်း
(က) ရေခိုးရေငွေ့ကြွယ်ဝခြင်း
အပင်များ၏အရွက်များမှ အမြဲတမ်းရေခိုးရေငွေ့များ ထုတ်လွှတ်ပါသည်။ ရာသီဥတုပူပြင်းလေလေ ရေခိုးရေငွေ့ပိုထုတ်လွှတ်လေပါ။ ဘယ်လောက်အမြင့်ဆုံးထုတ်လွှတ်သလဲဆိုလျှင် အမြစ်မှ စုပ်ယူထားသောရေ၏ ၉၇ ရာခိုင်နှုန်း ပြန်ထုတ်တတ်ပါသည်။ အမြဲတမ်းထုတ် နေခြင်းတော့မဟုတ်ပါ။ အပင်များသည် တခြားသက်ရှိများစားသုံးရန် သကြားဖွဲ့စည်းသည့်ဖြစ်စဉ်မှာ နေမှအပူဓာတ်ကို စုပ်ယူအသုံးပြုရပါသည်။ သို့ဖြစ်၍ သစ်ပင်သစ်တောများ၏ ပတ်ဝန်းကျင်သည် အပူဓာတ်လွန်ကဲခြင်းမရှိပါ။ သစ်ပင်သစ်တောများသည် ရေခိုးရေငွေ့ပါလာသည့်လေကို ထိန်းထားနိုင်သည်မို့ မိုးရွာသွန်းခြင်းကိုဖြစ်ပေါ်စေပါသည်။ ထို့အပြင် အပူပိုင်းသစ်တောမှ ထုတ်လွှတ်သည့်အပူငွေ့သည် ကမ္ဘာ့လေစီးကြောင်းကို မှန်ကန်စေသည်။ ဤဖြစ်စဉ်ကြောင့် ကမ္ဘာအရပ်ရပ်၌ မျှတသည့်ရာသီဥတုကို ပုံမှန်ဖြစ်ပေါ်စေပါသည်။ အပင်များရှိသဖြင့် မိုးမခေါင်၊ မိုးရွာသည့်အရပ်တွင် သီးနှံဖြစ်ထွန်းသည်မို့ ရိက္ခာရှားပါးမှုမဖြစ်နိုင်ပါ။ သဲကန္တာရဖြစ်မှုကိုလည်း ကာကွယ်တားဆီးပေးပါသည်။
(ခ) ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကိုလျှော့ချနိုင်ခြင်း
ယနေ့ကမ္ဘာကြီးကို ပိုမိုပူနွေးစေသည်မှာ မှန်လုံအိမ်သတ္တိရှိသည့် ဓာတ်ငွေ့များကြောင့်ဖြစ်သည်။ မှန်လုံအိမ်သတ္တိရှိသည့် ဓာတ်ငွေ့ဆိုသည်မှာ နေမှလာသည့်အပူဓာတ်ကို ပြန်မထွက်နိုင်အောင် ထိန်းထားသည့်ဓာတ်ငွေ့များပါ။ အဆိုပါဓာတ်ငွေ့ထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့သည် အပူကို ထိန်းနိုင်စွမ်းအားအမြင့်ဆုံးဖြစ်ပါသည်။ ကမ္ဘာ ၏ ပတ်ဝန်းကျင်လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ များလေလေ အပူချိန်မြင့်လေလေဖြစ်ပါသည်။
ယနေ့ကမ္ဘာကြီးတွင် အပူချိန်မြင့်တက်နေရခြင်းမှာ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်လာခြင်းကြောင့်ဖြစ်ပါသည်။ အပင်များသည် နေရောင်ခြည်မှစွမ်းအင်ကို သက်ရှိများအသုံးပြုနိုင်သည့် ဂလူးကို့စ်စွမ်းအင်သို့ ပြောင်းလဲသည့်ဖြစ်စဉ်တွင် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ကို ကုန်ကြမ်းအဖြစ် အသုံးပြုပါသည်။ သို့ဖြစ်၍ ကမ္ဘာပေါ်တွင် အပင်များလေလေ အဆိုပါ “စွမ်းအင်ပြောင်းလဲခြင်း ဖြစ်စဉ်”ကို များများလုပ်လေလေပါ။
ထိုဖြစ်စဉ်များများဖြစ်လေ အပူထိန်းကာဗွန်ဒိုင်အောက်ဆိုက်ကို များများသုံးပစ်သဖြင့် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်နှုန်းလျော့ကျသွားပါသည်။ အပင်များလျှင် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်နည်း၍ ပြောင်းပြန်အားဖြင့် အပင်နည်းသွား လျှင် ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်လာမည်။ အဆိုပါဓာတ်ငွေ့ ပါဝင်မှုနှုန်းများလာလျှင် ကမ္ဘာကြီးပိုပူလာပါမည်။ သို့ဖြစ်၍ တာဝန်ရှိ၊ တာဝန်သိကြသည့်အကြီးအကဲများနှင့် လူသားများအားလုံးက နောင်လာနောက်သားများအတွက် အပင်ကို များများစိုက်နေခြင်း ဖြစ်ပါသည်။
(၄) မြေဆီဩဇာကောင်းမွန်၍ စားရေရိက္ခာဖူလုံမှုကို ဖြစ်ပေါ်စေခြင်း
အပင်တို့ အရွက်ကြွေသည်မှာ အားလုံးအသိပါ။ အရွက်ကြွေခြင်းမှာ ရေကိုချွေတာချင်လို့ပါ၊ နွေရာသီတွင် မြေအောက်ရေခန်း၍ အမြစ်မှ ရေထုတ်ယူနိုင်မှု နည်းပါးသွားပါသည်။ အမြစ်က မြေကြီးထဲမှ စုပ်ယူထားသည့်ရေကို ပတ်ဝန်းကျင်သို့ ပြန်လည်ထုတ်လွှတ်ပေးခြင်းက အရွက်များပါ။ အရွက်မရှိလျှင် ရေထွက်စရာ အပေါက်မရှိတော့သဖြင့် ရေဆုံးရှုံးစရာမလိုတော့ပါ။ သို့ဖြစ်၍ နွေတွင် ရေကိုချွေတာချင်၍ အရွက်ကြွေခြင်းပါ။ ကြွေသည့်အရွက်များ မြေပေါ်ရောက်သည့်အခါ မြေတွင်းအောင်း ပိုးမွှားများက စားကြပါသည်။ မြေတွင်းအောင်း ပိုးများစားသည့်အတွက် သစ်ရွက်များ ကြေမွဆွေးမြည့်မှုလျင်မြန် ပါသည်။ ထို့နောက် အဆိုပါမြေတွင်းအောင်းပိုးများပါ သေဆုံးသွားသည့်အခါ အပင်ကို စားထားသမျှ အစာအာဟာရများ မြေထဲရောက်ပြီး မြေဆီဩဇာကြွယ်ဝသည့် မြေဆီလွှာဖြစ်လာပါတော့သည်။
အပင်နည်းသောအရပ်များသည် မြေဆီညံ့ပြီး စိုက်မရ၊ ပျိုးမရခြင်းမှာ ကြွေသည့်အရွက်မရှိသောကြောင့်ဖြစ်သည်။ အပင်များသည့် သစ်တောဝန်းကျင်ကမြေများ မြေဆီဩဇာကြွယ်ဝပြီး စိုက်သမျှ၊ ပျိုးသမျှ ဖြစ်ထွန်းအောင်မြင်ပါသည်။ စိုက်ပျိုးအောင်မြင်သည့်အတွက် သီးနှံထွက်ပြီး စားရေရိက္ခာဖူလုံပါတော့သည်။ အပင်ရှားသည့် ဆာဟာရနှင့် အခြားသဲကန္တာရများ၏ ပတ်ဝန်းကျင်တွင် စားရေရိက္ခာဖူလုံမှုမရှိပါ။ စားရေရိက္ခာဖူလုံချင်လျှင် သစ်ပင်သစ်တောထူအောင် စိုက်ကိုစိုက်ရပါမည်။ စိုက်ပြီးသစ်ပင် ရှင်အောင်ပြုစုရသကဲ့သို့ သစ်ခုတ်မှု၊ မီးရှို့မှု ရှောင်ရှားရပါမည်။ ထူထပ်နေသည့် သစ်တောကိုလည်း သစ်ထုတ်ခြင်း ကြောင့် မပြုန်းတီးရအောင် “အပြောင်ခုတ်လှဲမှု”ကိုရှောင်ကြဉ်၍ မြန်မာ့ သစ်တောကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းခဲ့သည့် ဂျာမန်သစ်တော ပညာရှင်ကြီး Dr.Brandis ၏ “ရွေးချယ်ထုတ်ယူမှု” နည်းစနစ်ဖြင့် ထုတ်ယူသွားရန်လိုပါသည်။
(၅) မြေဆီလွှာဆုံးရှုံးမှုကို ကာကွယ်ခြင်း
မိုးရွာသွန်းသည့်အခါနှင့် လေပြင်းတိုက်သည့်အခါများတွင် အပင်များသာမရှိခဲ့လျှင် မြေဆီဩဇာကြွယ်ဝသည့် အပေါ်ယံမြေဆီလွှာက အတားအဆီးမရှိ ရေစီးနှင့် မျောပါသွားပါလိမ့်မည်။ ထို့အတူ လေပြင်း တိုက်လျှင်လည်း ပါသွားနိုင်ပါသည်။ အပင်ကြီးများ၏အမြစ်များ၊ မြက်ပင် ၏အမြစ်များက အဆိုပါမြေဆီလွှာများကို ကုပ်တွယ်ဖုံးအုပ်ထားသည် မို့ စိုက်နိုင်ပျိုးနိုင်သော အဖိုးတန်မြေဆီလွှာများက မြစ်ထဲချောင်းထဲမှ တစ်ဆင့် ပင်လယ်ထဲမရောက်သွားတော့ပါ။ အပင်များ၏အမြစ်များက မြေဆီဩဇာများကို မိုးရေဖြင့် စီးမပါနိုင်အောင်ထိန်းထားနိုင်ခြင်းကြောင့် ကျွန်တော်တို့၏ စိုက်ပျိုးမြေများ စိုက်ပျိုး၍ကောင်းနေခြင်းဖြစ်ပါသည်။
(၆) လေဒဏ် ရေတိုက်စားဒဏ် ကာကွယ်ပေးခြင်း
သစ်တောကြီးများထူထပ်လာလျှင် လေပြင်းဒဏ်ကို ကာကွယ်ပြီးသားဖြစ်ပါသည်။ ဖွံ့ဖြိုးပြီး တချို့နိုင်ငံများတွင် မြို့ကြီးကို တစ်မိုင်ခန့် ထူထပ်သော သစ်တောများဖြင့် ပတ်လည်ဝိုင်းထားသည့် “သစ်တော အစိမ်းရောင်ခါးပတ်” (Green Belt) များကို စိုက်ပျိုးထားပြီး မြို့ကြီးကို လေပြင်းဒဏ်မှ ကာကွယ်ထားပါသည်။ မြစ်ချောင်းအင်းအိုင်ဘေးနား တွင် သစ်ပင်သစ်တောများ ထူထပ်နေလျှင် သစ်တောများ၏အမြစ်များက ရေတိုက်စားမှုဒဏ်မှ မြို့၊ ရွာနှင့် လယ်ယာစိုက်ခင်းများကို ကာကွယ် ပေးထားပါသည်။
(၇) မြို့ပြများကို ခေတ်မီသာယာလှပစေခြင်း
ယနေ့ ခေတ်မီသည်ဆိုသော မြို့ပြဆိုသည်မှာ တိုက်တာအဆောက်အအုံ မိုးထိအောင်မြင့်မားခြင်း၊ ကြီးမားခြင်း၊ ထူထပ်ခြင်းနှင့် ထူးဆန်းအံ့ဩစရာပျော်ရွှင်မှုခံစားစရာများ၊ ကား၊ ရထားနှင့် သွားရ လာရ လွယ်ကူခြင်းနှင့်တင် မလုံလောက်တော့ပါ၊ အဆိုပါမြို့ကြီး သည် Green City ဖြစ်သလား၊ ပြီးလျှင် မြို့သူမြို့သားများ ကျန်းမာရေးနှင့် ပြည့်စုံရဲ့လား။ ကျန်းမာဖို့ အမှိုက်ကင်းစင် ရောဂါဘယကင်းရမည့်အပြင် လေထုသန့်ရှင်းပြီး မျှတသည့်အပူချိန်ရှိရမည်၊ မျှတသည့် အပူချိန်ဖြစ်ရန်၊ လေသန့်ရန် သစ်ကြီးပင်များ ပေါများနေရပါလိမ့်မည်။ ခေတ်မီမြို့ကြီး၌ အဆောက်အအုံများထက် အဆများစွာပိုပေါရမည့် အရာမှာ အပင်များဖြစ်ပါသည်။ များရုံနှင့်လည်း မရသေးပါ။ ထူထပ်ရ ပါမည်။ ဤသည်ကို မြို့ပြသစ်တော (Urban Forest)ဟု ခေါ်ပါသည်။ မြို့ပြသစ်တောထူထပ်မှသာ စိမ်းလန်းမြို့တော် (Green City) ဟု ခေါ်တွင်နိုင်သည်။ စာရေးသူအနေဖြင့် “နေပြည်တော်”သည် မြန်မာ နိုင်ငံ၏ စိမ်းလန်းမြို့တော်ဖြစ်သည်ဟု ဆိုပါရစေ။
မြို့ပြများ၌ ထူထပ်သည့်မြို့ပြသစ်တောများ စိုက်ပျိုးထားခြင်းဖြင့်
(က) လေကောင်း၊ လေသန့်ရရှိနိုင်ခြင်း၊
(ခ) အပူအအေး မျှတစေခြင်း၊
(ဂ) ကားသံ၊ စက်ရုံတို့မှ ဆူညံသံကို လျှော့ချနိုင်ခြင်း၊
(ဃ) အပန်းဖြေနိုင်ခြင်း၊
(င) လူသားနှင့် ပူပြင်းသည့်နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှု နည်းပါးခြင်းဖြင့် အရေပြားကင်ဆာရောဂါအမျိုးမျိုးမှ ကာကွယ်ခြင်း…စသည်တို့အပြင် မြို့ကြီးကိုလည်း လေမုန်တိုင်းဒဏ်မှ ကာကွယ်ပေးပါသည်။
မြို့ကြီး၊ ပြကြီးနေသူများ၏ ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကို အဓိကဖြည့်စွမ်းပေးသည်မှာလည်း သစ်ပင်များပင်ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၀၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့တွင် “စိမ်းလန်းသာယာမြို့များစွာ၊ ကမ္ဘာအတွက် စီမံချက်”ဆိုသည့် ဆောင်ပုဒ်ဖြင့် မြို့ကြီးပြကြီး စိမ်းလန်းပြီး ကျန်းမာရေးနှင့်ပြည့်စုံသည့် မြို့ကြီးဖြစ်ထွန်းအောင် အပင်များများစိုက်ရန် လွန်ခဲ့သည့် နှစ် ၂၀ ကျော်ကတည်းက နှိုးဆော်ခဲ့ဖူးပါသည်။
နေ့စဉ် အစားအစာ၊ အဝတ်၊ အိုးအိမ်၊ အသုံးအဆောင်၊ ဆေးဝါး ပေးသည်ကိုတော့ အားလုံးအသိပါ။ အထက်တွင်ဖော်ပြထားသည့် အချက်များသည် သိပ္ပံပညာရှင်များ၏ အပင်က လူသားနှင့် အခြား သက်ရှိအပေါ် ကျေးဇူးပြုမှုကို လေ့လာတွေ့ရှိချက်များပင်ဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ် ၂၅၀၀ ကျော်က မြတ်ဗုဒ္ဓက အပင်များ၏ လူသားအပေါ် ကျေးဇူးပြုခဲ့မှုများအပေါ် ချီးမွမ်းခဲ့ခြင်းကို သိပ္ပံပညာက ထောက်ခံပေးနေခြင်းဟု မြင်မိပါသည်။
အထက်ဖော်ပြပါ အပင်များ၏ လူသားနှင့် သက်ရှိများအပေါ် ကျေးဇူးတရားကို သိကြသူများက နောင်သားစဉ်မြေးဆက်ကောင်းစား စေရန် အပင်များစိုက်နေကြပါသည်။ ကန္တာရဆန်သွားနိုင်သည့် အညာ တစ်ခွင်တွင် ၁၃ ခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးကို အလေးပေး ဆောင်ရွက်နေပါသည်။ ကန္တာရဖြစ်ထွန်းမှုကို ကာကွယ်နေခြင်းပါ။ ထို့အတူ မြို့ကြီး၊ ပြကြီး ဘုရားကျောင်းဝင်း၊ စာသင်ကျောင်းဝင်း၊ လမ်းဘေးဝဲယာများတွင်လည်း အပင်များ စိုက်နေကြပါသည်။
တကယ်တော့ မြန်မာဗုဒ္ဓဘာသာဝင်များအဖို့ “သစ်ကြီးပင်တစ်ပင် စိုက်ခြင်းဟာ ဇရပ်တစ်ဆောင် ဆောက်လုပ်လှူဒါန်းခြင်းပါပဲ”တဲ့။ မြန်မာဆိုရိုးစကားတွင် “သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်း လည်း နားနိုင်သလို”၊ မှိုနှင့် သစ်ကပ်ပင်မျိုးစုံ၊ ပုရွက်ဆိတ်၊ ခါချဉ်၊ ခြင်၊ ယင်၊ တောက်တဲ့၊ ပုတ်သင်ညို၊ မြွေ စသည်ဖြင့် သက်ရှိအမျိုးပေါင်း များစွာမှ အကောင်နှင့် အပင်ငယ်မျိုးများ သိန်းသန်းချီ မှီခိုနိုင်သကဲ့သို့ မြန်မာဗုဒ္ဓဘာသာဝင်များအတွက် နာမ်လောကသားများလည်း မှီတင်းနေထိုင်နိုင်ပါသည်။ ထို့အပြင် သစ်ပင်များ၏ အရိပ်အောက်တွင် လည်း တောရိုင်းတိရစ္ဆာန်များ၊ အိမ်မွေး ကျွဲ၊ နွား၊ ဆိတ်၊ ခွေးနှင့် စိုက်ပျိုး ရေးဆောင်ရွက်နေသည့် တောင်သူများနှင့် ခရီးသွားများပါ နားခိုနိုင်ပါ သည်။ သစ်ပင်တစ်ပင်သည် ထာဝရဇရပ်ကြီးတစ်ဆောင် ဆောက်ထားသကဲ့သို့ပင်။ တာဝန်အရ စိုက်စိုက်၊ စေတနာသဒ္ဓါနှင့် ဝါသနာပါ၍ စိုက်စိုက်၊ သစ်ပင်ကြီးတစ်ပင် ရှင်သန်လာလျှင် ဇရပ်တစ်ဆောင်ဆောက်လှူ သည့်အလှူရှင်ဖြစ်သွားသည်မို့ ထာဝရဇရပ် အလှူရှင်ဖြစ်သွားပါသည်။
မြန်မာတို့သည် အလှူလုပ်သည့်နေရာတွင် အထုံပါရမီကြီးကြပါ သည်။ ဘုရား၊ သိမ်၊ ကျောင်း၊ ဇရပ် ဆောက်လှူကြသည်မှာ နေရာအနှံ့ပါ။ အလှူလုပ်ဖို့ လှူဖွယ်ပစ္စည်း (အုတ်၊ ဘိလပ်မြေ၊ သံ၊ သစ်၊ အမိုး) နှင့် ငွေကြေးလုံလုံလောက်လောက်ရှိရပါမည်။ သို့သော် ထာဝရဇရပ် (သို့) သက်ရှိအပင်ဇရပ်ကတော့ အထက်ပါပစ္စည်းများနှင့် ပိုက်ဆံလည်းမလိုပါ။ ထက်သန်သည့် စေတနာသဒ္ဓါတရားနှင့် လုပ်အားအရင်းအနှီးသာလိုသည်။ ငွေကြေးမတတ်နိုင်သူများအတွက် ဇရပ်ဒါယကာ၊ ဒါယိကာမဖြစ်ရန် ဟိုယခင်ကတည်းက ဗုဒ္ဓဘာသာဝင်များက လက်ခံကျင့်သုံးခဲ့ခြင်းပါ။
ငွေကြေးတတ်နိုင်သူများဆိုလျှင်တော့ ထာဝရဇရပ်များ ထောင်သောင်းချီလှူနိုင်ပါသည်။ ဓနကြေးငွေတတ်နိုင်သူများအနေ ဖြင့် သတ္တဝါများလည်း မှီခိုနိုင်၊ နောင်လာနောက်သား ကောင်းစားစေ မည့် သဘာဝပတ်ဝန်းကျင်လည်း သာယာလှပသည့် ခေတ်သစ်၊ ပုံစံသစ်၊ ထာဝရဇရပ်စိုက်ပျိုးပြီးလှူကြပါလို့ တိုက်တွန်းပါရစေ။
တရုတ်စကားပုံမှာ -
တစ်ရက်ပျော်ချင်လျှင် အရက်သောက်၊
တစ်လပျော်ချင်လျှင် အိမ်ထောင်ပြု၊
တစ်သက်တာပျော်ရွှင်ချင်လျှင်တော့ သစ်ပင်စိုက်ပါတဲ့။
“မြန်မာဗုဒ္ဓဘာသာဝင်များကလည်း ထာဝရဇရပ်အလှူ”ဟူ၍။ မိမိတစ်သက်သာမက သားစဉ်မြေးဆက် ပျော်ရွှင်ကြည်နူးစေပြီး စိုက်ပျိုးသူလည်း ကုသိုလ်ရ၊ ကမ္ဘာမြေကြီးနှင့် သဘာဝပတ်ဝန်းကျင်ကို အစဉ်လှပသာယာစေမည့် ထာဝရဇရပ်အလှူ (သို့) ခေတ်သစ်ဇရပ် အလှူရှင်များဖြစ်အောင် နှိုးဆော်ပါရစေ။
ခေတ်သစ်ဇရပ်အလှူရှင်ဖြစ်လိုသူများအနေဖြင့် ယခု ၂၀၂၆ ခုနှစ်တွင် မဖြစ်မနေ လှူဖြစ်ရလေအောင် မြေဆီစိုသည့် ယခုလို ဇွန်၊ ဇူလိုင်လမျိုး၌ အုတ်မြစ်ချ အပင်စတင်စိုက်ပျိုးပေးခြင်းဖြင့် ထာဝရ ဇရပ်အလှူတော်မင်္ဂလာကို ကျင်းပပေးကြပါ။ ထာဝရဇရပ် အလှူ ဒါယကာ၊ ဒါယိကာမများအဖြစ် ခံယူကြပါဟု တိုက်တွန်းနှိုးဆော်ရင်း မြန်မာ့သစ်ပင်စိုက်ပျိုးရေးလတွင် နောင်မြန်မာ သားစဉ်မြေးဆက်အတွက် သစ်ပင်များကိုစိုက်ပျိုးကာ ကုသိုလ်ယူနေကြသူ အမြော် အမြင်ကြီးမားသည့် ကုသိုလ်ရှင်များအားလုံးကို လေးစားဂုဏ်ပြုရင်း အဆိုပါထာဝရဇရပ်အလှူတော်မင်္ဂလာအတွက် “သာဓုအနုမောဒနာ” ပြုလိုက်ရပါသည်။ ။


