မော်တင်စွန်းကမ်းခြေတွင် ပင်လယ်လိပ်တစ်ကောင်အား သေဆုံးလျက်တွေ့ရှိ

ဟိုင်းကြီးကျွန်း ၂၆  ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၊ မော်တင်စွန်းနှင့်ကြာကန် ကျေးရွာအကြား ပင်လယ်ကမ်းခြေတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ပင်လယ်လိပ်တစ်ကောင်အား သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သမီးလှကျွန်း၊ ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်းမှ သိရှိရသည်။

 

အဆိုပါ ပင်လယ်လိပ်အသေမှာ ယနေ့နံနက်ပိုင်း ပင်လယ်ရေတက်ချိန်တွင် ရေနှင့်အတူ မျောပါလာခဲ့ပြီး ကမ်းခြေ၌ တင်ကျန်နေခဲ့ခြင်းဖြစ်ကြောင်း၊ လိပ်၏ပြင်ပဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် ငါးဖမ်းပိုက်ဖြင့်ငြိပြီး သေဆုံးခြင်းဖြစ်နိုင်ကြောင်းနှင့် လိပ်၏အရွယ်အစားမှာ ဉချနိုင်သည့်အရွယ်သို့ ရောက်လုနီးပြီဖြစ်ကြောင်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း၊ သမီးလှကျွန်း (ခ) လိပ်ကျွန်း တာဝန်ခံအရာရှိ ဦးဖုန်းမော်ကပြောသည်။

 

85

 

သမီးလှကျွန်းနှင့် မော်တင်စွန်းကမ်းခြေအကြားရှိ ပင်းလယ်ပြင်တွင် ပြင်သာလိပ်နှင့် ပင်လယ်လိပ်များ ကျက်စားနေထိုင်ကြရာ ပင်လယ်လိပ်များမှာ မော်တင်စွန်းကမ်းခြေတွင် ဉချလေ့ရှိပြီး ပြင်သာလိပ်များမှာ သမီးလှကျွန်းတွင် ဉချလေ့ရှိကြောင်းနှင့် ပင်လယ်ပြင်ရှိ ငါးဖမ်းရေယာဉ်များ၌ အသုံးပြုသည့် ငါးဖမ်း ကိရိယာများတွင် မတော်တစ်ဆကပ်ငြိ သေဆုံးမှုများကြောင့် မော်တင်စွန်းကမ်းခြေတွင် နှစ်စဉ် လိပ်အသေများကို တွေ့ရှိနေရကြောင်း ပင်လယ်လိပ်မျိုးထိန်းသိမ်းရေးစခန်း၊ သမီးလှကျွန်း(ခ) လိပ်ကျွန်း တာဝန်ခံအရာရှိ ဦးဖုန်းမော်၏ ပြောပြချက်အရသိရှိရသည်။

 

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)