မြောင်းတကာ စက်မှုမြေကွက်များကို ပထမအကြိမ်ရောင်းချသည့် မြေကွက်များနှင့်အတူ တစ်ပါတည်း ရောင်းချခဲ့ပြီး ပြန်လည်တင်ပြလာသည့် လျှောက်လွှာများကို အမျိုးအစားခွဲခြားသတ်မှတ် စိစစ်လျက်ရှိဟုဆို

ရန်ကုန်   ၁၈  ဒီဇင်ဘာ

 

တိုင်းအစိုးရရောင်းမည့် မြေကွက်များအနက် မြောင်းတကာစက်မှုဇုန်ရှိ စက်မှုမြေကွက်များကိုလည်း ပထမအကြိမ် ရောင်းချသည့် မြေကွက်များနှင့်အတူ တစ်ပါတည်း ရောင်းချခဲ့ပြီးဖြစ်ကာ ပြန်လည်တင်ပြလာသည့် လျှောက်လွှာများကို မြေစီမံခန့်ခွဲခွင့်ကော်မတီက အမျိုးအစားခွဲခြားသတ်မှတ် စိစစ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

 

"မြောင်းတကာ စက်မှုဇုန်မြေက အခု ပထမလျှောက်လွှာထဲမှာ တစ်ခါထဲထည့်ရောင်းပြီးပြီ၊ စက်မှုဇုန်ကို ဒုတိယ ဦးစားပေးအနေနဲ့ စီစဉ်ထားပေမယ့် တစ်တွဲထဲ ရောင်းလိုက်ပြီ၊ မြောင်းတကာကတော့ စက်မှုလုပ်ငန်းပဲ လုပ်ရမှာ ဖြစ်တဲ့အတွက် ရောင်းမယ့်မြေကွက်က ၁၇၀ ကျော်ရှိတယ်၊ လျှောက်တာကတော့ ဘယ်လောက်လဲတော့ မသိသေးဘူး၊ အခုက လျှောက်လွှာတွေကို ပထမအမျိုးအစားခွဲလိုက်တယ်၊ အိမ်ရာအတွက်က ဘယ်နှစ်စောင်ရှိလဲ၊ စီးပွားရေးလုပ်ငန်းအတွက်က ဘယ်နှစ်စောင် စက်မှုလက်မှုလုပ်ငန်းအတွက်က ဘယ်နှစ်စောင်ရှိသလဲဆိုတာ ခွဲပြီးမှ တစ်မျိုးချင်းမှာ ပါရှိရမယ့်အချက်တွေကို အသေးစိတ်ပြန်စစ်မယ်၊ ခုက စိစစ်နေတုန်းပါ"ဟု ဦးသန်းက ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေး/ စက်မှုလုပ်ငန်း လုပ်ကိုင်ရန်နှင့် လူနေထိုင်ရန် ရောင်းချသွားမည်ဖြစ်ပြီး ပထမအကြိမ်အဖြစ် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံလေးမြို့နယ်ရှိ မြေကွက်ပေါင်း ငါးရာကျော်နှင့် မြောင်းတကာစက်မှုဇုန်ရှိ စက်မှုမြေကွက် ၁၇၀ ကျော်အတွက် မြေအသုံးပြုခွင့် လျှောက်လွှာများကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးတွင် ရောင်းချခဲ့ရာ စတင်ရောင်းချသည့် အောက်တိုဘာ ၇ ရက်မှ အရောင်းပိတ်ခဲ့သည့် နိုဝင်ဘာ ၈ ရက်အထိ စောင်ရေ ၁၅၆၂၀ ရောင်းချခဲ့ပြီး လျှောက်လွှာပြန်လည်တင်ရမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် စောင်ရေ ၁၂၁၅၈ စောင် လာရောက်ပြန်တင်ခဲ့ကြောင်း ၎င်းက ပြောသည်။

 

ထိုသို့ ပြန်လည်တင်ပြလာသည့် လျှောက်လွှာ ၁၂၀၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဝန်ကြီး ဦးဟန်ထွန်းကိုယ်တိုင် ဦးဆောင်၍ စိစစ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

"ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မြေစီမံခန့်ခွဲမှုဥက္ကဋ္ဌ ဝန်ကြီး ဦးဟန်ထွန်းက ဦးဆောင်ပြီး စိစစ်နေပြီ၊ လျှောက်လွှာက ၁၂၀၀၀ ကျော်တဲ့အတွက် တစ်စောင်ခြင်းကို တင်တဲ့အခါမှာ မူလထဲက လျှောက်လွှာပုံစံမှာ ပူးတွဲပါရှိရမယ့် အချက်တွေရှိတယ်၊ ဘယ်အချက်တွေတော့ ပြည့်စုံတယ်၊ မပြည့်စုံတဲ့အချက်က ဘာတွေလည်း
ပြည့်စုံတာခြင်းတူရင်တောင် ပြန်စစ်မယ်၊ တက်လာတဲ့ အဆိုပြုလွှာတွေက ဘယ်ဟာက ပိုကောင်းသလဲ၊ ငွေရေးကြေးရေး အဆိုပြုချက်တွေက ဘယ်ဟာက ဘယ်လိုရှိသလဲဆိုတာ ပြန်စစ်ရဦးမယ်၊ အခုက ၁၂၀၀၀ ကျော်ကို အသေးစိတ် စိစစ်နေတုန်းပါ"ဟု ဦးသန်းက ပြောသည်။

အဆိုပါ မြေရောင်းချမှုပြီးစီးပါက နောက်တစ်ဆင့်အနေဖြင့် ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းရှိ ယခင် စိုက်ပျိုးရေးဇုန်အဖြစ် သတ်မှတ်ထားသည့် မြေဧက ကိုးထောင်ကျော်ကို ရောင်းချသွားမည် ဖြစ်သည်။

 

လက်ရှိ ရောင်းချမည့်မြေများမှာ ယခင်က လျော်ကြေးတစ်စုံတစ်ရာမပေးဘဲ သိမ်းယူထားခဲ့သည့် မြေများဖြစ်ပြီး ယင်းမြေများ၏ မူလလယ်သမားများကို မြေယာလျော်ကြေးပေးရန်အတွက် ပိုနေသည့်မြေကွက်များကို ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း၊ လက်ရှိရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းရေးဆိုင်ရာ ပြန်လည်စိစစ်ရေးကော်မတီက စိစစ်ကာ မြေယာလျော်ကြေးပေးရန် စိစစ်ထားသည့် အမှုတွဲပေါင်း သုံးထောင်ကျော်ရှိပြီး ယင်းအနက်ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်က မူလလယ်သမားများကို မြေယာလျော်ကြေး ၆ ဒသမ ၉ ဘီလျံကျော် လျော်ပေးပြီးဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင်လည်း မူလလယ်သမားများကို မြေယာလျော်ကြေး ၃၁ ဘီလျံလျော်ရန် လျာထားထားကြောင်း သိရသည်။

 

ငြိမ်းငြိမ်း