ရန်ကုန် ၁၅ ဒီဇင်ဘာ   

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်မယ်လမုစေတီ သာသနာ့ဗိမာန်တော်ကြီးဖွင့်ပွဲနှင့် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာသူများမှ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနာအား မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်၊ ဆုတောင်းပြည့် မယ်လမုစေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ဆုတောင်းပြည့် မယ်လမုစေတီတော်ဂေါပကအဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးစန်းဝင်းက သာသနာ့ဗိမာန် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်း၊ ဆရာတော်များနှင့် လူပုဂ္ဂိုလ်များမှ မော်ကွန်းတင် ကမ္ပည်းကျောက်စာအား အမွှေးနံ့သာများဖြင့် ပက်ဖျန်းခြင်းများကို ပြုလုပ်ခဲ့သည်။    

 

62432

 

ဆက်လက်၍ နမောတဿ မဟာပဏမ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို စတင်ဖွင့်လှစ်ရာ တေးနုယဉ်အဖွဲ့က အောင်မြေဝတီဆရာတော် ရေးသားစပ်ဆိုသော သာသနာ့ဗိမာန်တော် မော်ကွန်းတင် အချညီ ပဒညီ စင်္ကြာလည်ပိုဒ်စုံ ရတုဖြင့် သီဆိုပူဇော်ခြင်း၊ မြို့နယ်သံဃာနာယက ဥက္ကဋ္ဌ အောင်ဝတီပရိယတ္တိ စာသင်တိုက် ဆရာတော်ကြီးထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခြင်းနှင့် ကြွရောက်တော်လာကြသော ဆရာတော်များမှ ပရိတ်တရားတော်များ ချီးမြှင့်ခြင်း၊ ဆုတောင်းပြည့် မယ်လမုစေတီတော် ဂေါပကဥက္ကဋ္ဌ ဦးအုန်းမြင့်က သာသနာ့ဗိမာန်တော် ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်များကို လျှောက်ထားခြင်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဓမ္မရောင်ခြည် စာသင်တိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဋိပိတကဓရ ဆရာတော်မှ အနုမောဒနာတရားနှင့် ရေစက်ချတရား ချီးမြှင့်ပြီးနောက်  "ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး သာဓုသုံးကြိမ် ခေါ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ အခမ်းအနားသို့ ဆရာတော် သံဃာတော်များ၊ မယ်လမုဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူများ တက်ရောက်ခဲ့သည်။

 

00057

 

အဆိုပါသာသနာ့ဗိမာန်တော်ကြီးကို ၂၀၁၈ ခုနှစ် ဩဂုတ် ၂၃ ရက်တွင် ပန္နက်တော်တင်မင်္ဂလာပြုလုပ်၍ သုံးထပ်တည်ဆောက်ခဲ့ပြီး အလှူရှင်များက ထည့်ဝင်လှူဒါန်းငွေမှာ ကျပ်သိန်းပေါင်း (၈၅၀၀)ကျော်ဖြစ်ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)