မြစ်ကြီးနား  ၃   နိုဝင်ဘာ

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်း၌ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ကရိန်းတပ်ဆင်ထားသည့်ယာဉ်ဖြင့် ပစ္စည်းချစဉ် (11-KV)လျှပ်စစ်ဝါယာကြိုးဖြင့်ထိမိ၍ လျှပ်စစ်စီးဆင်းပြီး ယာဉ်ခေါင်းခန်းမီးလောင်ကာ ယာဉ်မောင်းသူသေဆုံးခဲ့ကြောင်း မြစ်ကြီးနားမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

a

 

 

ဖြစ်စဉ်မှာ ယနေ့နံနက် ၁၁ နာရီ ၅၅ မိနစ်က မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်း၌ မော်တော်ယာဉ်တစ်စီးမီးလောင်ကျွမ်းနေကြောင်း တာဝန်သိပြည်သာတစ်ဦးမှ မီးသတ်ဦးစီးဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့၍ မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူထွန်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ လူနာတင်ယာဉ်တစ်စီးတို့ဖြင့် မီးလောင်ကျွမ်းသည့်ယာဉ်အား ငြိမ်းသတ်ခဲ့၍ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ မြစ်ကြီးနားမြို့၊ ဘွန်ဘောကျေးရွာနေ ယာဉ်မောင်း မျိုးထွန်းနိုင်(ခ)ကျန်ကျောင်း(၂၂ နှစ်)မောင်းနှင်သည့် ယာဉ်အမှတ် MDY 3B/----CANTER အမျိုးအစား ကရိန်းပါပစ္စည်းသယ်ယာဉ်ပေါ်မှ ပစ္စည်များအား ကရိန်းဖြင့်ချနေစဉ် (11-KV)လျှပ်စစ်ဝါယာကြိုးနှင့်ထိရာမှ လျှပ်စစ်ဓါတ်စီးဆင်းပြီး အပူလွန်ကဲ၍ ယာဉ်ခေါင်းခန်းသို့ မီးစတင်လောင်ကျွမ်းခဲ့ရာမှ ယာဉ်မောင်းဖြစ်သူမှာ လျှပ်စစ်ဓါတ်လိုက်ပြီး မီးလောင်သေဆုံးခဲ့ခြင်းဖြစ်ကောင်း သိရသည်။

 

ဖြစ်စဉ်နှင်ပတ်သက်၍ မြစ်ကြီးနားမြို့မရဲစခန်းမှ သေမှုသေခင်းရေးဖွင့်ထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)