မြစ်ကြီးနား အောက်တိုဘာ ၃

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လွယ်ခေါ(၁၉)မိုင်နှင့် ခေါင်ဖူးရွာဟောင်း ကျေးရွာတို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရအဖွဲ့ (အထွေထွေပိုလျှံ-GRF)ရန်ပုံငွေဖြင့် အိမ်တိုင်ရာရောက် ရေရရှိရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဘုန်းလင်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဘုန်းလင်းနှင့် တာဝန်ရှိသူများက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေသူရိန်စိန်လှနှင့်အတူ လွယ်ခေါ(၁၉)မိုင်နှင့် ခေါင်ဖူးရွာဟောင်း ကျေးရွာတို့၌ အိမ်တိုင်ရာရောက်ရေရရှိရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

လွယ်ခေါ(၁၉)မိုင်နှင့် ခေါင်ဖူးရွာဟောင်း ကျေးရွာတို့၌ အိမ်တိုင်ရာရောက် ရေရရှိရေးအတွက် ရေပိုက်လိုင်းအရှည် ၁၀၉၈၀ ပေ သွယ်တန်းခြင်း၊ ကွန်ကရစ်ရေတိုင် ၁၆၀နှင့် ရေမီတာတပ်ဆင်ခြင်း လုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့ (အထွေထွေပိုလျှံ-GRF)ရန်ပုံငွေကျပ်သိန်း ၁၉၀ ဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာ အိမ်တိုင်ရာရောက်ရေရရှိရေးအတွက် ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ကွန်ကရစ်ရေတိုင်နှင့် ရေမီတာတပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မှုကြောင့် အိမ်ခြေ ၂၀၃ လုံး၊ လူဦးရေ ၁၁၆၃ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေဖူလုံစွာရရှိပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)