မဲခရဲကျေးရွာ ဆိပ်ခံတံတား၌ ဟိုင်းကြီးကျွန်း - ပုသိမ် ပြေးဆွဲနေသော ခရီးသည်တင် ရေယာဉ်များ ဝင်ထွက်ဆိုက်ကပ် ပြေးဆွဲပေးစေလို

ဟိုင်းကြီးကျွန်း  ၁၉  ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေကြီး၊ ဟိုင်းကြီးကျွန်းမြို့နှင့် ပုသိမ်မြို့သို့ ရေလမ်းခရီးသွားလာရန်အတွက် နေ့စဉ် ခရီးသည်တင် ကမ်းရိုးတန်း အမြန်ရေယာဉ်များ၊ ကုန်တင်ရေယာဉ်များ နေ့စဉ်ပြေးဆွဲလျက် ရှိသော်လည်း ဟိုင်းကြီးကျွန်းမြို့နှင့် အလှမ်းကွာဝေးသည့် ကျေးရွာများက ဒေသခံပြည်သူများ အနေဖြင့် ခရီးသွားလာရေး အခက်အခဲများ ရှိနေခြင်းကြောင့် မဲခရဲကျေးရွာ ဆိပ်ခံတံတားရှိရာ ချောင်းအတွင်းသို့ ရေယာဉ်များဝင်ထွက် ဆိုက်ကပ်ပြေးဆွဲပေးနိုင်ရေး ဒေသခံများလိုလား နေကြသည်။

 

ဟိုင်းကြီးကျွန်း - ပုသိမ် ရေလမ်းခရီးကို အသုံးပြု၍ ခရီးသွားလာကြသည့် ကုန်းတန်း၊ မဲခရဲ၊ ကနုကမာ၊ ကုလားမကွင်း၊ မရမ်းကွင်း၊ ငါးပြေမ၊ စမ်းနား၊ ဂျိတ်ကွင်းကျေးရွာများမှ ဒေသခံများ အနေဖြင့် ကျောက်ချောင်းကျေးရွာ ရေယာဉ်ဆိပ်ကမ်းနှင့် ဟိုင်းကြီးကျွန်းရေယာဉ်ဆိပ်ကမ်းကို ကြိုတင် သွားရောက်ကာ စောင့်ဆိုင်း၍ လိုက်ပါစီးနင်းရသည့်အတွက် ငွေကြေးကုန်ကျမှုအပြင် အချိန်ပေး သွားလာရသည့် အခက်အခဲများ ဖြစ်ပေါ်နေပြီး မိုးတွင်းကာလများတွင် သွားလာရေးပို၍ အဆင်မပြေ သောကြောင့် မဲခရဲ ကျေးရွာဆိပ်ခံတံတားရှိရာ မဲခရဲချောင်းအတွင်းသို့ ခရီးသည်တင် ရေယာဉ်များ ဝင်ထွက် ပြေးဆွဲပေးနိုင်ရေး ဒေသခံများလိုလားနေကြကြောင်း မဲခရဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ကပြောသည်။

 

မဲခရဲကျေးရွာသည် မဲခရဲချောင်းနှင့် ကပ်လျက်တည်ရှိပြီး ခရီးသည်တင်ရေယာဉ်များဝင် ထွက်သွား လာရန်အတွက် ချောင်းအကျယ်နှင့် ရေအနက်လုံလောက်မှုရှိခြင်းကြောင့် ရေယာဉ်များအတွက် အခက်အခဲ မရှိနိုင်ကြောင်း၊ ရေယာဉ်များဝင်ထွက် ဆိုက်ကပ် ပြေးဆွဲပေးနိုင်မည်ဆိုပါက နယ်ဝေးမှ ခရီးသွားပြည်သူများ နွေရောမိုးပါ သွားလာရေး အဆင်ပြေသွားနိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

 

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)