မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လူဦးရေအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းမှုများ ဆောင်ရွက်

ကျောက်ဆည်  ၂၆    ဩဂုတ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမတွင် ဩဂုတ် ၂၆ ရက်နံနက် ၁၀ နာရီက မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ရေးအတွက်လူဦးရေအချက်အလက်များကောက်ယူပြုစု ခြင်းနှင့်အခြေခံမဲဆန္ဒရှင်စာရင်ပြုစုခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

mdn

 

ရှေးဦးစွာခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးအောင်ကြည်ရှိန်က မြို့နယ်လူဦးရေးစာရင်းကောက်ယူရေးအဖွဲ့မှလူဦးရေစာရင်းများကောက်ယူရာတွင်(၁၀ဝ)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊မဲစာရင်းပြုစုရာတွင် ခရိုင်ချုပ်(၇၇၀)အနက်(၁၇၁)ရုံ ပြီးစီးပြီဖြစ်ကြောင်း၊ ထို့ကြောင့်ကျန်ရှိနေသေးသည့် မဲရုံများအနေဖြင့်စက်တင်ဘာလကုန်တွင် ပြီးစီးနိုင်ရေးမြို့နယ်ကော်မရှင်ဥက္ကဌများအနေဖြင့် ကြိုးစားဆောင်ရွက် သွားကြစေလိုကြောင်း၊ မှတ်ပုံတင်မရှိသေးသူများကိုလည်း အမြန်ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြုစုပြီးမဲစာရင်းများကိုလည်းပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ညွှန်ကြားမှု တရားဝင်ခွင့်ပြုချက်မရရှိဘဲ မည်သည့်လူပုဂ္ဂိုလ်/အဖွဲ့အစည်းကိုမျှ ကူးယူခွင့်မပြုရန် အကြောင်းကြားထားပါကြောင်း၊ မည်သည့်နိုင်ငံရေးပါတီများထံမှ ပံ့ပိုးမှုများအားလက်မခံရန် ဦးစွာရှင်းလင်းပြောကြားဆွေးနွေးသည်။

 

mdn

 

ထို့နောက် စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်များမှ လူဦးရေစာရင်းကောက်ယူရေးအဖွဲ့ အတွင်းရေးမှူးများက ၎င်းတို့ဆောင်ရွက်ထားရှိပြီးသောလုပ်ငန်းအပိုင်းများနှင့် ဆက်လက်လုပ်ဆောင်သွားမည့်လုပ်ငန်းစဉ်များ ကို ပြန်လည်ရှင်းလင်းတင်ပြဆွေးနွေးကြသည်။ ဆက်လက်ပြီး ကျောက်ဆည်မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးသက်ထွန်းက ကျောက်ဆည်မြို့တွင်အုပ်စု(၉၇)အုပ်စုရှိပြီး၊ မဲစာရင်းပြုစုရာတွင်လည်း အုပ်စုကြီး(၆)အုပ်စုခွဲ၍ နေ့ စဉ်ကြီးကြပ်ဆောင်ရွက်နေပါကြောင်း၊ ကွန်ပျူတာ(၁၀)လုံးဖြင့် ဌာနဆိုင်ရာများနှင့်ပါ ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ စက်တင်ဘာလကုန်တွင် မဲစာရင်းများအားလုံးပြုစုပြီးနိုင်ရေးခန့်မှန်းထားပါကြောင်းနှင့်အခြားမြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဌများမှလည်းမြို့နယ်အလိုက်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

သက်မောင်  (ခရိုင်ပြန်/ဆက်)