မဲဆန္ဒရှင်စာရင်း အချိန်မီပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မန္တလေး  ၂၆  သြဂုတ်

မဲဆန္ဒရှင်စာရင်းများ အချိန်မီပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေးကို ယနေ့ နံနက် ၁၀ နာရီက အောင်မြေသာစံမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပခဲ့သည်။

 

188

 

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးက မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် အချိန်မီ ပြီးစီးနိုင်ရေးအတွက် ကွန်ပျူတာဖြင့် စာရင်းများ ရေးသွင်းနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

 

1777

 

ထို့နောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နှင်းနှင်းက မဲစာရင်းများ ပြုစုရာတွင် သုံးပတ်အတွင်း မဲဆန္ဒရှင်စာရင်း လေးသောင်းကျော် ပြုစုပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်း ပြုစုနေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်က လူဦးရေစာရင်းများ ကောက်ယူပြီးစီးသော်လည်း ရပ်ကွက်များက အကွက်အလိုက် အသက် ၁၈ နှစ် အထက်နှင့်အောက် စာရင်းများကို ပြန်လည်စိစစ်၍ စာရင်းများ ကိုက်ညှိထားရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာကြသော ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက သိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူမျာက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(ပြန်/ဆက်)