လူတွေမှာ ကူးစက်ဖြစ်ပွားမှု ရာဇဝင်ရှိခဲ့ဖူးတဲ့ ကြက်ငှက်တုပ်ကွေးရောဂါ

၁၈  ဇန်နဝါရီ

မကြာသေးမီရက်ပိုင်းအတွင်း ဒေလီနဲ့ မဟာရက်ရှ်ထရာ ပြည်နယ်တွေမှာ ကြက်ငှက်တုပ်ကွေးရောဂါကူးစက် ဖြစ်ပွားနေတာကို အတည်ပြုလိုက်ကြောင်း သတင်း ထွက်ပေါ်လာပြီးတဲ့နောက် အိန္ဒိယနိုင်ငံမှာ ကြက်ငှက် တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားနေတဲ့ ပြည်နယ်ကိုးခု အထိရှိသွားခဲ့ပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးနိုင်ငံတွေစာရင်းမှာ ပါဝင်နေတဲ့ အိန္ဒိယနိုင်ငံအတွက် အခုလို ကြက်ငှက်တုပ်ကွေး ရောဂါထပ်ပြီးဖြစ်လာပြန်တော့ စိုးရိမ်သံသယတွေ အနည်းနဲ့အများ ရှိနေကြပါတယ်။

ကြက်ငှက်ကောင်ရေ လေးသိန်းကျော်သေဆုံး

လက်ရှိမှာ ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားနေတဲ့ ပြည်နယ်တွေကတော့ ဟီမာချယ်ပရာဒေ့ရှ်၊ ဟာရာနာ၊ ရာဂျက်စသန်၊ မက်ဒရာပရာဒေ့ရှ် ၊ဂူဂျာရက်၊ ဥတ္တရာပရာဒေ့ရှ်၊ ကီရာလာ၊ ဒေလီနဲ့ မဟာရက်ရှ်ထရာ ပြည်နယ်တွေဖြစ်ပါတယ်။ ဟာရာနာပြည်နယ်မှာဆိုရင် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ရောဂါနဲ့သေဆုံးတဲ့ ကြက်ငှက်ကောင်ရေပေါင်း လေးသိန်းကျော်အထိ ရှိပါတယ်။

ဗဟိုအစိုးရကတော့ ကြက်ငှက်တွေမှာ ရောဂါကူးစက်ဖြစ်ပွားရာကနေ လူတွေဆီကူးစက်လာနိုင်တဲ့ အလားအလာနဲ့ပတ်သက်ပြီး သတိပေးနှိုးဆော်ချက်တစ်ရပ် ထုတ်ပြန်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံအတွင်းမှာ ကူးစက်ဖြစ်ပွားနေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါကို ဖြေရှင်းဖို့အတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အမြဲတမ်းပါလီမန် ကော်မတီကလည်း တိရစ္ဆာန်မွေးမြူရေးဌာနက အာဏာပိုင်တွေကို ဆင့်ခေါ်ထားပြီ ဖြစ်ပါတယ်။

အရေးကြီးလာ

အိန္ဒိယနိုင်ငံတစ်ဝန်းက ပြည်နယ်အများအပြားမှာ ကြက်ငှက်ကောင်ရေအမြောက်အမြား ထူးဆန်းစွာ သေဆုံးနေတယ်ဆိုတဲ့သတင်းတွေ စတင်ထွက်ပေါ်လာပြီးနောက် ဇန်နဝါရီလ ပထမပတ်မှာ ကြက်ငှက်တုပ်ကွေး ရောဂါကူးစက်ဖြစ်ပွားမှုကစိုးရိမ်စရာအခြေအနေတစ်ခုကို ရောက်ရှိလာခဲ့တာပါ။

ရွှေ့ပြောင်းကျင်လည်ကျက်စားတဲ့ ငှက်တွေနဲ့မွေးမြူတဲ့ ကြက်ငှက်တွေအများအပြား သေဆုံးခဲ့ပြီးနောက် ကြက်ငှက်အသေကောင်တွေကို ဓာတ်ခွဲစစ်ဆေးမှုပြုလုပ် လိုက်တဲ့အခါမှာ H5N1 လို့ မူလကခေါ်ဆိုတဲ့ အေအမျိုး အစားတုပ်ကွေးဗိုင်းရပ်စ်ကြောင့် သေဆုံးရတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ကူးစက်မှုနှုန်းမြင့်တဲ့ တုပ်ကွေးဗိုင်းရပ်စ်မျိုးကွဲတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

တခြားဗိုင်းရပ်စ်တွေဖြစ်ကြတဲ့ H7N1၊ H8N1 သို့မဟုတ် H5N8 ဗိုင်းရပ်စ်တွေဟာလည်းပဲ ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေဖြစ်ပြီး တူညီတဲ့ HPAI အမျိုးအစားက လာတယ်လို့ဆိုပါတယ်။ ဟီမာချယ်ပရာဒေ့ရှ်မှာ တွေ့ရတဲ့ ကြက်ငှက်တုပ်ကွေးရောဂါကတော့ H5N1 ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ကီရာလာ၊ မက်ဒရာပရာဒေ့ရှ်နဲ့ ရာဂျက်စသန်ပြည်နယ်တွေမှာ H5N8 ဗိုင်းရပ်စ်မျိုးကွဲကို တွေ့ရပါတယ်။

ဥရောပနိုင်ငံတွေအထိ ဖြစ်ပွားမှုရှိ

ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကို လက်ခံသယ်ဆောင်သူတွေဟာ ကြက်ငှက်အရိုင်းတွေ ဖြစ်တယ်လို့ သိထားကြပေမယ့် ရွှေ့ပြောင်းကျက်စားတဲ့ငှက်တွေ ရောက်ရှိလာတဲ့ ရာသီအချိန်တွေမှာ ကြက်ငှက်တုပ်ကွေး ရောဂါကူးစက်ဖြစ်ပွားပြီး မွေးမြူရေးကြက်ငှက်တွေဆီ ကူးစက်ဖြစ်ပွားစေတာကို ပုံမှန်လိုတွေ့မြင်နေရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ကနဦးသတိပေးစနစ်အရ ကြက်ငှက်တုပ်ကွေး ရောဂါဟာ တရုတ်(တိုင်ပေ)နဲ့ ဂျပန်အပါအဝင် နိုင်ငံအချို့ကနေ ဥရောပနိုင်ငံတွေအထိ ကူးစက်ဖြစ်ပွားမှုရှိပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းမှာ ကြက်ငှက်ကောင်ရေ ၄၈ သိန်းကျော်အထိ သေဆုံးခဲ့လို့ သုတ်သင်ရှင်းလင်းခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

လူကို ကူးစက်နိုင်တဲ့အန္တရာယ်

ကြက်ငှက်တုပ်ကွေးရောဂါကိုဖြစ်ပွားစေတဲ့ H5N1 ဗိုင်းရပ်စ်အမျိုးအစားဟာ ကြက်ငှက်တွေကနေ လူတွေဆီ ကူးစက်ပျံ့နှံ့ခဲ့တဲ့ သမိုင်းကြောင်းတစ်ခုရှိခဲ့ဖူးပါတယ်။ နောက်ထပ် ဗိုင်းရပ်စ်မျိုးကွဲတစ်ခုဖြစ်တဲ့ H7N9 ဟာ ဆိုရင် လူတွေကို အသက်ဆုံးရှုံးစေနိုင်လောက်တဲ့အထိ အန္တရာယ်အလွန်ကြီးတယ်လို့ ဆိုပါတယ်။

လူတွေကြားမှာ ကြက်ငှက်တုပ်ကွေးရောဂါကူးစက် ဖြစ်ပွားတယ်ဆိုတဲ့ ဖြစ်ရပ်မျိုး တွေ့ရခဲတယ်ဆိုပေမယ့် တရုတ်နိုင်ငံနဲ့ ဟောင်ကောင်မှာ ၁၉၉၆ နဲ့ ၁၉၉၇ ခုနှစ်တွေအတွင်းမှာ လူတွေကို ကြက်ငှက်တုပ်ကွေး ရောဂါကူးစက်ဖြစ်ပွားမှုကို ပထမဆုံးအကြိမ် မှတ်တမ်းတင်ခဲ့ဖူးပါတယ်။ သေဆုံးနိုင်တဲ့ အန္တရာယ်လည်းများပြီး ဟောင်ကောင်မှာ ရောဂါကူးစက်ခံရတဲ့သူ ၁၈ ဦးအနက် ခြောက်ဦးအထိ သေဆုံးစေခဲ့တဲ့ ရာဇဝင်ရှိပါတယ်။ ဒါကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုကို ပုံမှန်ရာသီချိန်မှာတွေ့ရတဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲဆိုပြီး ပေါ့ပေါ့ဆဆ သဘောထားလို့တော့ မရပါဘူး။

ရောဂါကြောင့် သေဆုံးရသူတွေရှိခဲ့

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖော်ပြတဲ့အချက်အလက်တွေအရ ၂၀၀၃ခုနှစ်ကတည်းက နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ လူတွေကို ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်တဲ့ဖြစ်ရပ်ပေါင်း ၈၆၂ ခုအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ခွဲစစ်ဆေးမှု ရလဒ်တွေအရ ရောဂါကူးစက်ကြောင်း အတည်ပြုခဲ့တာဖြစ်ပြီး ကူးစက်ခံရသူတွေထဲက ၄၅၅ ဦး သေဆုံးခဲ့ပါတယ်။

၂၀၂၀ပြည့်နှစ် အောက်တိုဘာလက တရုတ်နိုင်ငံမှာ လူကို ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ခံရမှု နောက်ဆုံးတစ်ခုကို မှတ်တမ်းတင်ခဲ့ပါတယ်။ ရောဂါကူးစက်ခံရ သူဟာ သုံးနှစ်အရွယ် မိန်းကလေးဖြစ်ပြီး အပျော့စား ကြက်ငှက်တုပ်ကွေးလက္ခဏာတွေ တွေ့ခဲ့ရပါတယ်။

မွေးမြူရေးကဏ္ဍ ထိခိုက်

အိန္ဒိယနိုင်ငံမှာ ကိုဗစ် - ၁၉ စတင်ကူးစက်ဖြစ်ပွား ခဲ့တဲ့ အစောပိုင်းကာလတွေမှာဆိုရင် ကြက်ငှက်တွေဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို သယ်ဆောင်လာတယ်ဆိုတဲ့ ကောလာဟလတွေနဲ့ ထင်ကြေးအမျိုးမျိုး ပေါ်ထွက်ခဲ့ပြီး အဲဒီသတင်းတွေကြောင့်၂၀၂၀ပြည့်နှစ် အတွင်းမွေးမြူရေး ကဏ္ဍမှာ ငွေကြေးအမေရိကန်ဒေါ်လာ တစ်ဘီလီယံလောက် ထိခိုက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ကြက်ငှက်ထောင်ပေါင်းများစွာကို သုတ်သင်ခဲ့ရပြီး မွေးမြူရေးလုပ်ကိုင်ကြတဲ့ လယ်သမားတွေကို နစ်နာကြေး ပေးအပ်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တွေတုန်းကလည်း အစိုးရက အိန္ဒိယနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့အနေနဲ့ မွေးမြူထားတဲ့ ကြက်ငှက်တွေကို သုတ်သင်ရှင်းလင်းခဲ့ရတာကြောင့် မွေးမြူရေးလုပ်ကိုင်သူကို နစ်နာကြေး ပေးခဲ့ရဖူးပါတယ်။ သို့သော်လည်း အစိုးရကပေးတဲ့ နစ်နာကြေးဟာ ၎င်းတို့ ပုံမှန်မွေးမြူရေးလုပ်ကိုင်မှုကနေ ရရှိတဲ့ဝင်ငွေကို မကာမိဘူးဆိုပြီး မွေးမြူရေးလုပ်ကိုင်သူတွေက စောဒက တက်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ ဆေးပညာရှင်တွေက ရောဂါကူးစက်မှုကနေဘေးကင်းစေဖို့ မွေးမြူရေးထုတ်ကုန်တွေကို စားသုံးတဲ့အခါမှာ အပူချိန် ၆၀ ဒီဂရီ ဆဲလ်စီးရပ်စ် ကနေ ၇၀ ဒီဂရီ ဆဲလ်စီးရပ်စ်ကျော်အောင် ကောင်းစွာ အပူပေးချက်ပြုတ်ပြီးမှ စားသုံးကြဖို့ အကြံပြုထားပါတယ်။

ကလာမိုးမြင့်

ကိုးကား - ဆင်ဟွာ၊ အေပီ